သရဲမှန်းမသိဘဲ အိမ်ပေါ် ခေါ်တင်ထားမိ တဲ့ မင်္ဂလာဒုံ က ဦးလေးကြီးရဲ့ ဖြစ်ရပ်

Posted on

သရဲမှန်းမသိဘဲ အိမ်ပေါ် ခေါ်တင်ထားမိ တဲ့ မင်္ဂလာဒုံ က ဦးလေးကြီးရဲ့ ဖြစ်ရပ်

မင်္ဂလာဒုံမှာနေ တဲ့ မိသားစု တစ်စု ကြုံတွေ့ ရတဲ့ ပရလောကဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ၊ သူတို့ မိသားစုနေတာက ဗဟိုနိုင်ငံရေးတိုက်လိုင်းမှာနေကြပါတယ်။ တစ်ရက် အန်တီကြီးနဲ့အန်ကယ်ကြီး အကြီးအကျယ်ရန်ဖြစ်ကြပြီး အိမ်ခွဲနေရာကနေ စပါတယ်။

တရက် ညနေစောင်းတရက်မှာ အိမ်မှာ ခလေးတွေနဲ့ကျန်ခဲ့တဲ့ ယောက်ျားဖြစ်သူက သူငယ်ချင်းနဲ့အတူတူ အရက်သွားသောက်ကြပြီး ည 11 နာရီဝန်းကျင်မှာ မူးပြီးအိမ်ကိုပြန်လာကြတယ်၊ တံတားတခုအနားအရောက်မှာ မိသားစုတစုကိုတွေ့ ပါလေရော၊ စကားလာပြောတော့နားထောင်ပေးရတာပေါ့၊ သူတို့ကမိသားစုဖြစ်ကြောင်း အခုလောလောဆယ် နေစရာမရှိလို့ အကူအညီတောင်းအသနားခံကြတာဖြစ်ကြောင်း၊ နေစရာပေးဖို့ကူညီပေးပါလို့ ပြောလိုက်တဲ့အခါ၊ အန်တီကြီးအိမ်ပေါ်ကဆင်းပြီးအိမ်ခွဲနေလို့ စိတ်လည်းညစ် ကူလည်းကူညီချင် မူလည်းမူးနေတဲ့ အန်ကယ်ကြီးက

” အေးလိုက်ခဲ့ ..အိမ်မှာ ငါတယောက်တည်းနေတာ နင်တို့မိသားစုနေချင်ရင်လိုက်ခဲ့ပေါ့ “ဆိုပြီးခေါ်လာခဲ့ပါလေ ရော… သူနဲ့အတူအရက်သောက်ပြန်လာတဲ့သူတွေရဲ့ အမြင်မှာတော့ တယောက်တည်းမူးပြီး စကားတွေရပ်ပြောနေတာကို အဲ့အချိန်မှာ သတိမထားမိကြပါဘူး..သူတို့ဘာသာသူတို့လည်း မူးနေကြတယ်။

တကယ်ကတော့ သူတို့ခေါ်လာခဲ့တဲ့မိသားစုက ပရလောကသားတွေဆိုတာကို မူးနေတဲ့သူ့သူငယ်ချင်းတွေကလည်း မသိရှာကြပါဘူး။ ကျန်တဲ့သူငယ်ချင်းတွေက သူတို့အိမ်သူတို့ပြန်၊ အန်ကယ်ကြီးလည်း ကိုယ့်အိမ်ဘက်ကိုယ်လမ်းခွဲပြန်၊ အိမ်ရှေ့ရောက်လို့ အိမ်ထဲဝင်ပါမယ်ဆိုမှ သူခေါ်လာတဲ့ ဒုက္ခသည်မိသားစုက မ၀င်ပဲရပ်နေကြလို့ ” ဟ ၀င်ကြလေဟ ဒါ ငါ့အိမ် နင်တို့နေလို့ရတယ် ” ..၀င်လေဆိုပြီးခေါ်တော့ ၊

” သူတို့က အိမ်တွင်းစင်ရှိလို့ဝင်မရဘူး အဲ့ဒါကိုဖြုတ်ပေး ” ..လို့ပြောပြန်တယ်။ အတော့်ကိုမူးနေတဲ့ အန်ကယ်ကြီးကလည်း တကယ်ကိုပဲ ဖြုတ်ပေးလိုက်ပါတယ် အိမ်တွင်းကို ဖြုတ်ပြီး အိမ်ပြင်ထုတ်ပစ်၊ အိမ်ထဲရောက်တော့ ” နင်တို့က လင်မယား တွေ ဆိုတော့ ငါတို့လင်မယားအိပ်တဲ့အခန်းမှာနေ၊ နင်တို့ခလေးနှစ်ယောက်ကတော့ ငါ့သားတွေအိပ်တဲ့အခန်းမှာအိပ် ” ဆိုပြီးနေရာချ ကြိုက်သလိုချက်ပြုတ်စားသောက်နိုင်ကြောင်း ပြောလိုက်တယ်/

မနက်မိုးလင်း အမူးပြေတော့ သူ့ဘာသာလည်း ဘာတွေလုပ်လို့ဘာတွေလုပ်ခဲ့တယ် မမှတ်မိဘူးနဲ့တူပါတယ်၊ ပုံမှန်ပဲ အပြင်သွား၊ အလုပ်သွား၊ ခလေးတွေလည်း သူတို့သွားစရာရှိတာတွေသွားနဲ့ သူ့အမျိုးသမီး အိမ်ဖော်ကဆင်းတာ နှစ်လခွဲ လောက်ကြာသွားပြီး၊ နောက်ပိုင်းပြန်အဆင်ပြေလို့ပြန်တက်လာတော့ မမြင်တာကြာတာနဲ့ပတ်ဝန်းကျင်က သတင်းမေးရင်း ” သူတို့အိမ်မှာ အလုပ်သွားချိန်၊ ကျောင်းသွားချိန် လူတယောက်မှ မရှိပဲ၊ အိမ်တံခါးတွေလည်းသော့ခတ်ထားနေရင်းက အသံတွေ၊ စကားပြောသံ၊ ထမင်းဟင်းချက်သံ၊လူသံ၊ ခလေးသံတွေကြားနေရတယ် ” ဆိုတဲ့အကြောင်း အိမ်နီးနားချင်းတွေ ကပြန်ပြောကြတော့ သူ့မိန်းမလည်း ဘာမှန်းသေချာမသိလို့၊ အိမ်ကိုရှင်းလင်းရင်းနဲ့ အပြင်ထုတ်ထားတဲ့ အိမ်တွင်းစင်ကို အသစ်မလုပ်ပဲ ဒီတိုင်းပဲပြန်တင်ထားလိုက်တယ်။

တရက်သားတော့ သူတို့ကိုးကွယ်တဲ့ဆရာအိမ်လာတဲ့အချိန်မှာ အဲ့ဆရာက မပြန်ခင်မှာသွားတယ် နောက်နေ့သူ့ဆီလာခဲ့ဖို့၊ အရေးကြီးတာပြောဖို့ရှိတဲ့အကြောင်း မှာခဲ့တယ်။ နောက်တနေ့ မိန်းမဖြစ်သူကသွားတော့ ” နင်တို့အိမ်ငါလာတုန်းက ခြံပေါက်ဝ မှာ လင်မယားနှစ်ယောက်နဲ့တွေ့ တယ်၊ သူတို့က ပရလောကသားတွေ၊ နင့်ယောက်ျားခေါ်လာလို့ သူတ နေနေတာလို့ ငါမနောနဲ့မေးတာကိုပြောတယ် ” တဲ့ ဒါနဲ့ပဲ လင်မယားနှစ်ယောက်ဆရာနဲ့တိုင်ပင်ပြီး ပရိတ်ရေတွေဖြန်း၊ တအိမ်လုံးကိုဖြန်း၊ လင်မယားအိပ်တဲ့အခန်း၊သားတွေအခန်းကိုဖြန်းတဲ့အချိန်မှာ သိသိသာသာကို ကြက်သီး တဖြန်းဖြန်း ထတာ ခံစားရတယ်တဲ့၊ အိပ်ပြန်ရင်လည်း တဆစ်ဆစ်နဲ့ အသားတွေနာကျင်သလိုခံစားလာရတယ်တဲ့၊

ဒါနဲ့ ဆရာနဲ့ဆက်တိုင်ပင်ပြီးတော့ သူတို့ကို သူတို့လာတဲ့နေရာကိုပြန်ပို့ရမယ်၊ နေရာပြန်ချထားရမယ်ဆိုပြီး ဆရာ့ အစီအမံ နဲ့ပဲ တံတားရဲ့တဖက်မှာနေကြဆိုပြီး ပြန်ပို့လိုက်ကြတယ် ( တံတားရဲ့တခြားတဖက်မှာတော့ မာန်ပြေရန်ပြေ ဘုရား ရှိပါ တယ် )။ အဲ့လိုနေရာချပေးပြီးတဲ့အချိန်မှာလည်း ထိုပရလောကမိသားစုက ”ငါတို့ ဒီတပတ်အတွင်းမှာ လူတယောက်လဲ ဖို့ရှိတယ်” လို့ ပြောပြတယ်တဲ့။

ဆရာဖြစ်သူလည်း အန်ကယ်ကြီးရဲ့ ဆိုင်ကယ်ကို သူ့အိမ်ကို ဒီတပတ်အတွင်းလာပို့ထားပြီး အဲ့ဒိတံတားဘက်ကိုလည်း မိသားစုမသွားဖို့၊ အထူးသဖြင့် ကံနိမ့်နေတဲ့ အန်ကယ်ကြီးမသွားဖို့ကို အတန်တန်မှာကြားစီစဉ်ပေးခဲ့ရပါတယ်။ သုံးရက် မြောက်လောက်နေ့ အဲ့မှာ မှာ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်စီးလာတဲ့ကား တိမ်းမှောက်ပြီး ကောင်မလေး သေဆုံးသွားတဲ့သတင်းကိုကြားသိခဲ့ရပါတယ်။

(မင်္ဂလာဒုံ နိုင်ငံရေးမှတ်တိုင်အနီးမှာ ကားအက်ဆီးဒင့်ဖြစ်လို့ မိန်းခလေးတယောက်သေဆုံးသွားတဲ့ သတင်းတပုဒ်နဲ့ အသိမိသားစုကြုံတွေ့ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတခုရဲ့ ဆက်စပ်မှုပါ )

မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *