ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းစွာ ပစ်ချမိကြောင်း အီရန် ဝန်ခံ

Jan 11, 2020

အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း မှ ယနေ့ နံနက်ပိုင်းက ဖတ်ကြား ထုတ်လွှင့်သွားသော သတင်းထုတ်ပြန်ချက် တစ်ခုတွင် ယူကရိန်းလေကြောင်းလိုင်း မှ လေယာဉ်ကို အီရန် တို့က ရည်ရွယ်ချက် မရှိပဲ ပစ်ချခဲ့မိခြင်းဖြစ်သည်ဟု ကြေညာခဲ့ကြောင်း ကနဦးသတင်း အဖြစ် သိရသည် ။

ယူကရိန်း ခရီးသည်တင် လေယာဉ်ကို လူ့အမှား(human error)ကြောင့် ပစ်ချလိုက်မိကြောင်း အီရန်က အတည်ပြု ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ အီရန်အစိုးရကလည်း သေဆုံးသူတို့၏ ကျန်ရစ်သော မိသားစုုများကို အနူးအညွတ်တောင်းပန်ထားသည်။

ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့တော်ကနေ ပျံတက်သွားတဲ့ ယူကရိန်း နိုင်ငံတကာ လေကြောင်း ခရီးစဉ်အမှတ် ၇၅၂ ကို ရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိတယ်လို့ အီရန် အစိုးရ မီဒီယာက အတည်ပြု ကြေညာသွားတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ လူ့အမှား တစ်ခုကြောင့် အခုလို အခြေအနေဆိုးမျိုး ကြုံတွေ့သွားတာလို့ ဖော်ပြထားပါတယ်။ အီရန် လေကြောင်း ပို့ဆောင်ရေး တာဝန်ရှိသူတွေဟာ ဇန်နဝါရီ ၁၀ ရက် ညပိုင်းထိ ယူကရိန်း လေယာဉ်ကို အီရန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါသေးတယ်။

ဒီလေယာဉ် ပျက်ကျမှုမှာ လိုက်ပါစီးနင်းခဲ့ကြသော ခရီးသည် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦးနှင့် ယူကရိန်းနိုင်ငံသား ၁၁ ဦး စူစုပေါင်း ၁၆၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ဖြစ်နေတဲ့ အချိန်မျိုးမှာ အခုလို မတော်တဆ မှားယွင်းမှု ပေါ်ပေါက်ခဲ့တာပါ။

အီရန်စစ်ဘက်ရဲ့ အဆိုအရ တမင် ရည်ရွယ်တာမျိုး လုံးဝ မရှိဘဲ လူပုဂ္ဂိုလ်တွေရဲ့ မှားယွင်းဆုံးဖြတ်ချက်နဲ့ လေယာဉ်ကို ပစ်ချမိခဲ့တာလို့ သိရပါတယ်။ အမေရိကန် အစိုးရ အရာရှိ တချို့က အီရန်ဟာ ရုရှားလုပ် ဒုံးကျည်နှစ်စင်းနဲ့ လေယာဉ်ကို ပစ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ အစောပိုင်း ကတည်းက ထင်ကြေးပေးထားပြီးသားပါ။

အီရန်က အခုအမှားအယွင်း ဖြစ်စဉ်ကို တရားဝင် ဝန်ခံလိုက်တဲ့နောက် ယူကရိန်း အပါအဝင် လေယာဉ် ပျက်ကျမှုမှာ နိုင်ငံသားတွေ အသက်သေဆုံးခဲ့ရတဲ့ နိုင်ငံအစိုးရတွေရဲ့ ဖိအားပေး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Source – Reuters/nc, Daily Mail, CNN

Add a Comment

Your email address will not be published. Required fields are marked *