ရှမ်းပြည်နယ် သီပေါမြို့ ကုံးမုံကျေးရွာ အနီး တွင် သေနတ်ဖြင့် ပစ်ခံထားရသော အလောင်း ( ၂ ) လောင်းတွေ့ရှိ

Jan 11 , 2020

သီပေါ ၊ ဇန်နဝါရီ ၁၁။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး တောထဲတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသော အလောင်း ( ၂ ) လောင်း ထပ်မံတွေ့ရှိ ရသည် ဟု သိရ သည် ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွန်ခိုက်ကျေးရွာအုပ်စု ကုံးမုံကျေးရွာနှင့် စံလောင်းကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၈/၇ နှင့် ၁၄၉/၀ အကြား၊ လမ်းမကြီး၏ ဝဲဘက် ၄ ဖာလုံခန့်အကွာ တောင်ကုန်းအနီးရှိ တောင်ယာတဲ အတွင်းတွင် အဆိုပါ အလောင်း ( ၂ ) လောင်းကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည် ။

အလောင်း ၂ လောင်းတွင် ၁ လောင်းမှာ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဝဲဘက်ရင်အုံဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မ နှင့် လက်ညိုးတို့တွင် ရှပ်ထိဒဏ်ရာများရရှိကာ မှီလျက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နောက်ထပ် ၁ လောင်းမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိပြီး ဝဲဘက်နောက်ကျောဖောက်ဝင်ဒဏ်ရာ ၂ ချက် ရရှိကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလောင်း ၂ လောင်းကို နယ်စည်းမခြားပရဟိတ(သီပေါ) အသင်းမှ ကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ကုံးမုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၁၄၈/၃ ကျွန်းတောနံဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသော အလောင်း ၃ လောင်း တွေ့ရှိခဲ့ရသေးသည်။

ပထမအကြိမ် အလောင်း (၃) လောင်းတွေ့ရှိတုန်းကမူ မူးယစ်ရောင်း/ဝယ်မှုနှင့်ပတ်သက်၍ ငွေကြေးကိစ္စမပြေမလည်ဖြစ်ကာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားခဲ့သည်။

(သတင်းတမန်)

Add a Comment

Your email address will not be published. Required fields are marked *