ဗေဒင်မမေး ယတြာမချေရဘဲ စီးပွားတက်ပြီး သူဌေးကြီးဖြစ်စေဖို့ လိုအပ်နေတဲ့ အခြေခံအချက်တွေ…

အခြေခံ ကုန်ကြမ်း အများစုထွက်တဲ့ တိုင်းပြည်နှင့် မြန်မာလူမျိုးတွေအတွက် လိုအပ်နေတဲ့ အတတ်ပညာ၊ နည်းပညာ နဲ့ အသိပညာ

ရုပ်ရှင်လောက မှာ ပြောသံကြားဖူး လိုက်ပါတယ်။ စက်ပစ္စည်း ကရိယာတွေ ခေတ်မမှီလို့ပါကွာ၊ သရုပ်ဆောင် ပညာမှာ ငါတို့က မနိမ့်ပါဘူးဆိုတဲ့ စကားလေး။ သို့သော် ခေတ်မှီကင်မရာများ ပေါ်လာသော်လည်း ရုပ်ရှင်ကားကောင်းများ ပေါ်လာဖို့ ခက်ခဲနေဆဲပါဘဲ …

ဗေဒင်မမေး ယတြာမချေရဘဲ စီးပွားတက်ပြီး သူဌေးကြီးဖြစ်စေဖို့ လိုအပ်နေတဲ့ အခြေခံအချက်တွေ…

သနပ်ခါးပင် က မြန်မာပြည်မှာ စိုက်တယ်။ သနပ်ခါး အခြေခံခေတ်မှီ အလှကုန်တစ်ခု ထိုင်းကထုတ်ပြီး ကမ္ဘာ့ဈေးကွက်တင်တာ မြန်မာပြည်ကိုတောင် ပြန်သွင်းလာတော့ ပြောသံကြားလိုက်တယ်။ သနပ်ခါးစစ်စစ် က မြန်မာပြည်မှာဘဲ ရှိတာတဲ့ … သို့သော် ဒီ သနပ်ခါးစစ်စစ်ကို တာရှည်ခံ၊ ခေတ်မှီပြီး ပြည်ပပို့နိုင်တဲ့ အလှကုန်ဖြစ်ဖို့ ကြိုးစားနေရဆဲပါဘဲ …

စိုက်ပျိုးရေး အခြေခံပြီး ထုတ်လုပ်နိုင်တဲ့ စားသောက်ကုန် အများကြီး မြန်မာပြည်မှာရှိတယ်.. ကုန်ကြမ်း အများစုကို နိုင်ငံခြားပို့တယ်၊ ကုန်ချောနည်းနည်း ပြည်တွင်းမှာထွက်လာတယ်။ ပြည်ပကုန်ချောပို့နိုင်ဖို့က လိုနေတာ အတတ်ပညာလား၊ နည်းပညာလား၊ အသိပညာလားမေးရင်း ဈေးကွက်ရှာရင်း ချီတက်နေဆဲပါဘဲ …

ဟိုတစ်လောလေးက အဆာပြေ/အပျင်းပြေစားစရာ (သရေစာ) မုန့်ဈေးကွက်အကြောင်း မိတ်ဆွေတစ်ယောက်နဲ့ စကားပြော ဖြစ်တယ်။ တန်ဘိုးမြှင့် သရေစာ တစ်မျိုးမျိုးထုတ်ချင်တယ်တဲ့။ နိုင်ငံခြားက သွင်းလာတဲ့ မုန့်ဈေးကွက်ကို အစားထိုးနိုင်အောင် လုပ်မတဲ့။ ဘာကိုအခြေခံပြီးထုတ်တဲ့ သရေစာမုန့်မျိုးလည်းပေါ့ … ဂျုံကနိုင်ငံခြားက သွင်းရတာ၊ ဆန်ကဘာဖြစ်တယ်၊ ပဲကဘာဖြစ်တယ် ပြောရင်းနဲ့ ရွာလည်နေကြရပြန်ရော …

ဗေဒင်မမေး ယတြာမချေရဘဲ စီးပွားတက်ပြီး သူဌေးကြီးဖြစ်စေဖို့ လိုအပ်နေတဲ့ အခြေခံအချက်တွေ…

ကျွန်တော် ဥပမာလေး တစ်ခုမေးမိတယ် … ကုလားပဲနဲ့ထုတ်တဲ့ အထားခံမုန့်ဘာရှိလဲ ဆိုတော့ စာကလေးခွေတဲ့၊ အရသာကော ဘယ်နှစ်မျိုးလောက်ရှိလဲဆိုတော့ အချိုရှိမယ်၊ အစပ်ရှိမယ်ဗျ ဆိုပြီးရွတ်ရင်း ဆက်မတက်နိုင်တော့ဘူး၊ နောက်ကောဆိုတော့ ဘယာကြော်တဲ့၊ နောက်ကောဆိုတော့ ရှိတော့ ရှိအုံးမယ်ဗျတဲ့ … ဟုတ်တာပဲလေ အများဆုံးတွေ့ရတာလဲ ဒါပဲကိုး …

သူများ တိုင်းပြည်မှာထုတ်တဲ့ ရေညှိမုန့်က ပုံမှန်ရေညှိ အရသာ၊ ကြွတ်ကြွတ်ရွရွ၊ ပူပူစပ်စပ်၊ တုံယမ်၊ ဝဆာဘီ၊ အချပ်ကြီး၊ ခရမ်းချဉ်အရသာ၊ တန်ပူရာ၊ အကင်အရသာ၊ ဘီဘီကျူ စသဖြင့်ဆိုပြီး အများကြီး ထွက်နိုင်တယ်၊ ကုလားပဲကိုကြိတ်ပြီးလုပ်တဲ့ မုန့်တွေကို ခွေလို့ရတယ်၊ လုံးလို့ရတယ်၊ ပြားလို့ရတယ်၊ ပေါင်းလို့ရတယ်၊ ကြော်လို့ရတယ်၊ တစ်ခြားအရသာတွေနဲ့ စပ်လို့ရတယ်၊ ချက်နည်းပြုတ်နည်း လုပ်နည်းကိုင်နည်း recipes တွေအများကြီး … သို့သော် ဒါကိုဘဲ တစ်သက်လုံးနီးပါးမြင်လာ၊ ထုတ်လာကြတော့၊ အသစ်အဆန်းမထွက်လာဘဲ အမှတ်တမဲ့ ဆက်လျှောက်ဖြစ်နေဆဲပေါ့ …

ပြီးခဲ့တဲ့နှစ်ပိုင်း ကလည်း ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆိုပြီး အော်သံကြားလိုက်တယ်။ ပြီးတော့ အသံမကြားပြန်ဘူး … ကျွန်တော်တို့ ဘာလိုနေတာလဲမေးရင် (ကိုယ့်ကိုယ်ကို အရင်မေးတာပါ) တီထွင်ဖန်တီးနိုင်တဲ့ အတတ်ပညာ၊ သူများ တီထွင်ဖန်တီးထားတဲ့ နည်းပညာတွေကို စနစ်တကျနဲ့ လုပ်ရင် မှန်မယ်/ မှားမယ်၊ ရေတိုလုပ်ရင်ဖြစ်တယ်၊ ရေရှည်ရင်းနှီးမြုပ်နှံမှရမယ် စတာကို စီစစ်သုံးသပ်ချင်တဲ့ အသိပညာနဲ့ စိတ်ဓါတ် နည်းနည်းစီပြင်သွားဖို့လိုနေတယ် ထင်တာဘဲ …

ဒါတွေကိုပြင်ဖို့ ဆိုတာလည်း အချိန်ပေးနိုင်မှ၊ ပေးချင်စိတ်ရှိမှ။ ကိုယ်လုပ်နေတဲ့အလုပ်ထဲက တစ်ပိုင်းတစ်စသောငွေကြေးကို တီထွင်ဖန်တီးမှုနဲ့ နည်းပညာတွေကို လိုက်စားနေမှ၊ ကိုယ့်နဲ့ကိုယ်လူတွေအတွက် အသိပညာ/ အတတ်ပညာ/ ဆင်ချင်တုံတရားတွေ အကောင်းဘက်က တိုးချဲ့နိုင်မှ ဖြစ်မှာပါဘဲလေ …

ဗေဒင်မမေး ယတြာမချေရဘဲ စီးပွားတက်ပြီး သူဌေးကြီးဖြစ်စေဖို့ လိုအပ်နေတဲ့ အခြေခံအချက်တွေ…

ပျားရည်လှောင်ပြီးသန့်စင်တဲ့ မိတ်ဆွေတစ်ယောက်ပြောဖူးပါတယ် … မြန်မာနိုင်ငံမှာ တောတောင်အနေအထားအရ သဘာဝပျားရည်စစ်စစ်တွေအများကြီးထုတ်နိုင်သေးတယ်၊ တစ်ပြည်လုံးမှာ ပျားမွေးပြီးပျားရည်ထုတ်တဲ့လုပ်ငန်းရှင် အသေးအကြီး သိန်းနဲ့ချီရှိတယ်၊ ဇီးတောထဲမှာ ပျားမွေးပြီး၊ ဇီးပျားရည်၊ ပန်းနှမ်းတော၊ နှမ်းတော၊ နေကြာတောထဲ တွဲပြီး ပန်းနှမ်းပျားရည်စစ်စစ်၊ နှမ်းပျားရည်စစ်စစ်၊ နေကြာပျားရည်စစ်စစ်စသဖြင့် ထုတ်ပေးနိုင်တယ်၊ စိုက်ချိန်ပေါ်မူတည်ပြီး နေရာဒေသရွေ့ပြီး မွေးကြထုတ်ကြတာရှိတယ်။ ပေးရတဲ့အချိန်၊ ကုန်ကျတဲ့စရိတ်နဲ့ ပြန်ရတာ ကာမိအောင်မလုပ်နိုင်ရင် … အရည်အသွေးထက် အရေအတွက် နောက်လိုက်ရတာဘဲ၊ လွယ်တဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး …

တန်ဘိုးမြှင်တာရယ်၊ ဈေးမြှင့်တာရယ် ကွဲကွဲပြားပြားမြင်တတ်ဖို့လဲ လိုတာပေါ့လေ …

အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ဟန်ချက်ညီဖို့၊ လုပ်ငန်းရှင်အသေး၊ အလတ်၊ အကြီးတွေ အတတ်ပညာ၊ နည်းပညာနဲ့ အသိပညာတွေပေါ်မှာ ရေရှည်ရင်းနှီးမြုပ်နှံဖို့ ကြိုးစားနိုင်မှ နောက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်အကြာမှာ ပြန်လည့်ကြည့်ရင် အမှန်တကယ်တိုးတက်မှု ဆိုတဲ့အသီးအပွင့်၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အသီးအပွင့်ကို ခံစားရမှာပါ …

ကျေးဇူးတင်ပါတယ် … ကိုသူရိန်

Add a Comment

Your email address will not be published. Required fields are marked *