အမေရိကန် ပြည်ထောင်စု သင်္ချိုင်းအစွန်က ထူးဆန်းတဲ့ ကျိန်စာနဲ့ အနက်ရောင်အိန်ဂျယ် (ဖြစ်ရပ်မှန်)

“ခေါင်းမော့ေ န တဲ့ အနက်ရောင် အိန်ဂျယ် ”

မည်းနက်နေ တဲ့ တောင်ပံ တစ်စုံ ဟာ အနက်ရောင် အိန်ဂျယ်ရဲ့ ကျောကုန်း မှာ…။ ကြည်လင် တဲ့ နေ့လည်ခင်းတွေ ရဲ့ နေရောင်ခြည်အောက် မှာ သူများတွေေ ပျော်နေချိန် အနက်ရောင် အိန်ဂျယ် ကတော့ အထီး ကျန်စွာ…။

လေပြင်းတွေကျတော့ သစ်ပင်တွေရလှုပ်ရမ်းလာတယ်..။ အနက်ရောင် အိန်ဂျယ်ကတော့ တည်ငြိမ်စွာ ခေါင်းမော့ထားဆဲ..။

အနက်ရောင်အိန်ဂျယ်

အနက်ရောင် အိန်ဂျယ်ဟာ သူမရဲ့ ညာလက်ကို ဆန့်ထုတ်ထားတယ်..။ သူမရဲ့ ဘယ်ဘက်မှာ ပန်းကန်တစ်ချပ်လိုလို …အင်တုံလိုလို..။ အနက်ရောင် အိန်ဂျယ်ရဲ့ အကြည့်ကအနောက်ဘက်တည့်တည့်..။ သူမ မျက်လုံးတွေ မမှိတ်မသုံ၊ မရွေ့မလျှား…။

အညိုရောင် နဲ့ အနက်ရောင်ရှဥ့်တွေက သူမကို ခိုးကြည့်၊ ထွက်ပြေးသွားကြတယ်..။

အမေရိကန်ပြည်ထောင်စု၊ ကောင်ဆယ် ဘလာ့ဖ် (Council Bluffs) ဆိုတဲ့ မြို့မှာ အနက်ရောင် အိန်ဂျယ် နေတယ်..။ အနက်ရောင် အိန်ဂျယ်က ကျောက်ရုပ်ထုကြီးပေါ့..။

အဲဒီကျောက်ရုပ်ထုကြီးဟာ ဆယ်စုနှစ်များစွာ ဖဲယားဗျူး သင်္ချိုင်းကုန်း (Fairview Cemetery) ရဲ့ အစွန်းတစ်နေရာမှာ ရပ်နေတယ်….။ ဗိုလ်ကြီး ဂရမ်ဗဲလ် ဒေါ့ခ်ျ (Grenville Dodge) နဲ့ ဇနီး ရုသ်အန်ဒေါ့ခ်ျ (Ruth Anne Dodge) ဟာ အနက်ရောင် အိန်ဂျယ်နဲ့ ပတ်သက်နေတယ်..။

အနက်ရောင်အိန်ဂျယ်

ဂရမ်ဗဲလ်ဟာ ၁၈၆၅ ခုနှစ် ပြည်တွင်းစစ်ပြီးသွားတော့ သူ့အိမ် Council Bluffs သို့ပြန်လာပြီး ရုသ် အန် ဒေါ့ခ်ျ ဘရောင်းနဲ့ လက်ထပ်တယ်။ ပြီးတော့ မြေတိုင်းအင်ဂျင်နီယာချုပ် အလုပ်ရခဲ့တယ်။ သူတို့ သမီး ၃ ယောက်မွေးခဲ့တယ်..။ (Lettie, Eleanor နဲ့ Anne) ဂရမ်ဗဲလ်ဟာ မိသားစုနေဖို့ အိမ်ကို ကိုယ်တိုင်ဆောက်ခဲ့တယ်..။ (အခုတော့ အဲဒီအိမ် ပြတိုက်ဖြစ်နေပြီ)

အဲဒီခေတ်တုန်းက အယူအဆနဲ့ ဆို ဂရမ်ဗဲလ်ရဲ့ဇနီး ရုသ် ဟာ မိန်းမ မဆန်ဘူး။ နူးညံ့သိမ်မွေ့ တဲ့ မိန်းမဟုတ်၊ သေနတ်ပစ်တယ်၊ မြင်းစီးတယ် မဟုတ်ရင် မခံဘူး..။ ရုသ် ဟာ Bluffs မှာ ပထမဆုံး အများပြည်သူသုံးစာကြည့်တိုက်ကိုထောင်ဖို့ စတင်ကြိုးစားခဲ့သူပေါ့..။

၁၉၁၆ခုနှစ်၊ ဇန်နဝါရီလမှာ ဗိုလ်ကြီး ဂရမ်ဗဲလ် ဒေါ့ခ်ျ သေတယ်။ ရုသ် သမီး ၃ ယောက်နဲ့ ကျန်ခဲ့တယ်..။ အဲဒီနှစ် စက်တင်ဘာလ..။ ရုသ် သေသွားတယ်..။

ဗိုလ်ကြီး ဂရမ်ဗဲလ် သေပြီးကတည်းက ရုသ် ကျမ်းမာရေး အလွန်ကျလာတယ်။ ရုသ် အိပ်မက်မက်တယ်။ သူမဟာ ကျောက်ဆောင်ကမ်းခြေမှာ ရပ်နေပြီး အခိုးအငွေ့တွေက သူမကိုဖုံးအုပ်ထားတယ်…။ မြူတွေထဲက ရှေးဟောင်း လှေတစ်စင်း ပေါ်လာတယ်..။ လှေပေါ်မှာ သိပ်လှတဲ့ အမျိုးသမီးတစ်ဦး …။ အမျိုးသမီးကကောင်းကင်တမန် နတ်သမီးတစ်ပါး..။ လက်ထဲမှာ ရေတွေ ပြည့်နေသောခွက်လေးတစ်ခုကို ကိုင်ထားတယ်..။ နတ်သမီးကက “ ရုသ် ..သောက်ပါ၊ မင်းကို ငါကောင်းချီးပေးချင်တယ်။ ” ရုသ် မသောက်ခဲ့ပါ..။

“ ကျွန်မ အဆင်သင့်မဖြစ်သေးဘူး။ မထိုက်တန်ဘူးလို့ခံစားခရတယ်” လို့ပြန်ပြောရင်း အိပ်မက်က လန့်နိုးခဲ့တယ်..။ ရုသ်က အိပ်မက်ကို သမီးဖြစ်သူ အန် ကိုပြောပြတယ်…။ ကောင်းကင်တမန် နတ်သမီးက ဒုတိယအကြိမ်ထပ်လာတယ်..။ ရုသ်က နောက်တဖန် ငြင်းခဲ့တယ်..။ ရုသ်က အိပ်မက်ကို သမီးဖြစ်သူ အန် ကိုပြောပြပြန်တယ်…။ တတိယအကြိမ် ကောင်းကင်တမန် နတ်သမီးက ရုသ်ဆီလာတဲ့အခါ ရုသ်ဟာ ကမ်းလှမ်းချက်ကိုလက်ခံခဲ့တယ်..။

အိပ်မက်ထဲမှာ အင်တုံထဲက ကောင်းကင်တမန် နတ်သမီးပေးတဲ့ ရေကိုသောက်ပြီး သမီးတွေကိုပြောပြတယ်..။ “ အမေဟာ ဘုန်းတန်ခိုးကြီးတဲ့ဝိညာဉ် အသွင် ပြောင်းလဲသွားခဲ့ပြီ သမီး။ အမေဟာ မသေတော့ဘူး။ မသေတဲ့ ဝိဉာဉ်တစ်ခုဖြစ်သွားပြီ…”

ရက်အနည်းငယ်အကြာ… ရုသ် သေဆုံးသွားတယ်..။ ၁၉၁၆ ခုနှစ် စက်တင်ဘာလ။

သမီးတွေဟာ မိခင်ရဲ့ ရုပ်ပုံကို ကြေးဝါရောင် ရုပ်တု ထုဖို့ နာမည်ကြီးပန်းပုဆရာ Daniel Chester French ကိုအပ်နှံခဲ့တာပေါ့..။ သူကဝါရှင်တန်ဒီစီမှာရှိတဲ့ (Statue of Abraham Lincoln) သမ္မတ အေဘရာဟမ် လင်ကွန်းရုပ်တုကိုထုခဲ့သူပေါ့..။

ရုသ်ရဲ့ ရုပ်တုဟာ ရုသ်မျက်နှာနဲ့ အိပ်မက်ထဲကနတ်သမီးပုံစံဖြစ်တယ်..။ Fairview သုသာန်ရဲ့ အစွန်းမှာထုထားတာဖြစ်တယ်..။ ရုသ်တို့လင်မယား အုပ်ဂူက ရုပ်တု အောက်မှာမဟုတ်ဘူး။ ရုပ်တု နဲ့ ၂ မိုင်လောက်ဝေးတဲ့ Walnut Hill Cemetery မှာရှိနေတာ..။ လူအများစုက အဲဒီရုပ်တုကို ကောင်းကင်တမန်ဆိုပြီး ကိုးကွယ်လာကြတာပဲ..။

အနက်ရောင်အိန်ဂျယ်

အခြားတစ်ဖက်က ဒီလိုတွေးတယ်။ အဲဒီရုပ်တုက ရေကိုသောက်ရင် ရုသ် သေသလို သေရမယ်ဆိုတာပဲ..။ အစွဲအလန်းတွေဖြစ်ကုန်ကြတယ်။

နှစ်အနည်းငယ်ကြာလာတော့ ကြေးဝါရောင်ဟာ မှောင်မိုက်တဲ့ ကြေးညှိ (patina) တွေဖုံးလွမ်းလာတယ်..။ အင်တုံ ပန်းကန်က ရေတွေစီးကျလာတယ်..။ ဘယ်သူ ဘယ်ဝါက ဘယ်အချိန်တွင်မှာ ဘာကြောင့်လို့ တိတိကျကျမပြောနိုင်ပေမဲ့ အဲဒီရုပ်တုဟာ သေမင်းရဲ့အိန်ဂျယ်လ်လို့မှတ်ယူသူတွေများလာတယ်။

အနက်ရောင် အိန်ဂျယ်ဟာ နေဝင်ရင် အသက်ပြန်ရှင်လာပြီ သူမရဲ့ သန်စွမ်းလှတဲ့ အတောင်ပံတွေနဲ့ အနီးအနားက သင်္ချိုင်းတွေ ပတ်ပတ်လည်မှာ ပျံသန်းသတဲ့..။

ည ၁၂ နာရီထိုးရင် အနက်ရောင် အိန်ဂျယ်ရဲ့ မျက်လုံးတွေက မီးတွေထွက်လာတယ်.။ ညသန်းခေါင်အချိန်မှာ သူမရဲ့ မျက်လုံးမတွေကိုကြည့်တဲ့လူတွေဟာ အကြောင်းတစ်ခုခုကြောင့် သေသွားကြတယ်တဲ့ ..၊

၁၉၇၅ ခုနှစ်အစောပိုင်း အဲဒီ ရုပ်တုဟာ သေမင်းရဲ့ အိန်ဂျယ်လ်လို့ခေါ်လာကြတယ်..။ အနက်ရောင် နတ်သမီးတဲ့။ အနက်ရောင် နတ်သမီးကို (Black Angel) ကို ဝန်းရံသူတွေရှိသလို အယူသီးတဲ့သူတွေပေါ်လာတယ်..။ “မှော်၊ နတ်ဆိုးတွေကြောင့် သေမင်းတမာန်လို ပြောင်းလဲသွားတာပဲ..”

ဒါဟာ မဖြစ်နိုင်ဘူးလို့ ၁၉၇၅ ခုနှစ်အစောပိုင်းက World-Herald မှာ ဆောင်းပါးရေးပြီး ဝေဖန်လာတယ်။ Nebraska တက္ကသိုလ် လက်ထောက်ပါမောက္ခ Todd Richardson က ဒီရုပ်တုနဲ့ ပတ်သက်ပြီး တိကျတဲ့ ဇာစ်မြစ်ရှာမရဘူးလို့ပြောတယ်။ “ဒါဟာ Black Angel ဝန်းရံသူတွေ အယူသီးတာပဲ” မှော်၊ နတ်ဆိုးတွေနဲ့၊ သေမင်းရဲ့အိန်ဂျယ်လ်မှာ လောကကြီးမှာ တကယ်ရောရှိနိုင်ပါ့မလား..?

အဲဒါက ရုသ် နဲ့ပတ်သက်တဲ့ အနက်ရောင် အိန်ဂျယ် (Ruth Anne Dodge’s black angel) အကြောင်းပေါ့…။ အဲဒီအနက်ရောင် အိန်ဂျယ်ကတော့ ခေါင်းမော့နေတယ်။

အနက်ရောင်အိန်ဂျယ်

“Black Angel ရဲ့ကြောက်စရာကောင်းပြီးအော်တဲ့ အသံလည်းကျယ်လာတယ်” လို့ ပညာရှင် ရစ်ချတ်ဆန် (Todd Richardson- an assistant professor in the University of Nebraska at Omaha’s Goodrich Scholarship Program) ဆိုတဲ့လူက ပြောတယ်။

“ဒါ အနက်ရောင်ကောင်းကင်တမန်ဆိုတဲ့ နိမိတ်လက္ခဏာတွေကို ကိုယ်စားပြုတယ်။ ”

“ဒါဟာ တစ္ဆေဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါကို ပေါ့ပေါ့တန်တန်သဘောမထားပဲနဲ့ တကယ့်ဇာတ်လမ်းကိုရှာတွေ့နိုင်မယ်ဆိုရင် အဖိုးတန်တဲ့ သမိုင်းတစ်ခုကိုရနိုင်ပါတယ်” ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့ Council Bluffs က အနက်ရောင် နတ်သမီးကို လာကြည့်တဲ့သူတွေ အများကြီးပဲ..။

“အမေရိကန်၊ Iowa City က နောက်ထပ်င်္သချိုင်းတစ်ခုမှာ ကောင်းကင်တမန်တစ်ပါးရှိသေးတယ်။ သူ့ကို သိပ္ပံပညာရှင်တွေက စမ်းသပ်တာ ညဘက်ဆို အပူတွေထွက်နေတာ တွေ့ရတယ်။ နတ်ဆိုးက အဲဒီမှာလည်းရှိတယ်…။” ရစ်ချတ်ဆန် ကပြောတယ်။

“ခေါင်းငုံ့နေတဲ့ အနက်ရောင် အိန်ဂျယ်”

အမေရိကန်ပြည်ထောင်စုက နောက်ထပ် အနက်ရောင် အိန်ဂျယ်တစ်ခုပေါ့..။ အနက်ရောင် အိန်ဂျယ် (Dolezal Feldevert’s Black Angel) က ၈ ပေ ၆ လက်မ အမြင့်ရှိတယ်။ အဲဒီ အနက်ရောင်အိန်ဂျယ်ဟာ ခေါင်းငုံ့ထားတယ်။ သူမဟာ လူတွေကို လိုက်သတ်ပါသတဲ့..။

သူမကတော့ အိုင်အိုဝါစီးတီးရဲ့ အုတ်ခ်လန်း သုသာန် (Iowa City’s, Oakland Cemetery) မှာရှိတယ်..။ အနက်ရောင်နတ်သမီးရဲ့ကျိန်စာဟာ လူတွေကို ငရဲတွင်းထဲကသားကောင်တစ်ကောင်လို ဖြစ်စေတတ်တယ်လို့ ဆိုကြတယ်။ အဲ့ဒီကျိန်စာဟာ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့ပြီ..။ သို့ပေမဲ့ လူတွေကို သိပ်ပြီးကြောက်လန့်တုန်လှုပ်စေတယ်။

အနက်ရောင်အိန်ဂျယ်

အိုင်အိုဝါစီးတီးရဲ့ အမှောင်ထဲက အိန်ဂျယ်ဟာ ဟိုးအရင်တစ်ချိန်က အမျိုးသမီးတစ်ဦးရဲ့ ဝမ်းနည်းဖွယ် အမှတ်တရနေရာတစ်ခုဖြစ်တယ်။ ထရီဇာကာရာဆက် (Teresa Karasek ) ဆိုသူ အမျိုးသမီးဟာ ၁၈၆၅ ခုနှစ်မှာ ဘိုဟီးမီးယားက Dr. Frantizek Dolezal နဲ့ လက်ထပ်ခဲ့တယ်။ သူတို့မှာ ချစ်မြတ်နိုးရတဲ့သားလေး အက်ဒွပ် (Eduard) ဆိုတာရှိတယ်..။

၁၈၇၇ ခုနှစ်..။ ထရီဇာဟာ ယောက်ျားနဲ့ကွဲပြီးနောက် သားအမိနှစ်ယောက် အိုင်အိုဝါစီးတီးမှာ အခြေချနေထိုင်ခဲ့ကြတယ်..။ မိခင်ထရီဇာဟာ သားလေးကို သူဖြစ်စေချင်တဲ့ ဆရာဝန်တစ်ဦးဖြစ်အောင် ကြိုးစားပမ်းစား အလုပ်လုပ် ငွေရှာခဲ့တယ်..။

၁၈၉၁ ခုနှစ်..။ အက်ဒွပ် အသက် ၁၇ နှစ်အရွယ်။ အဆုတ်အမြှေးရောင်ရောဂါနဲ့ သားလေးသေဆုံးသွားပါလေရော..။

ထရီဇာဟာ သားလေးကို အုတ်ခ်လန်း သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်..။ သူမဟာ ပူဆွေးသောကရောက်ပြီး ဘဝကို ရေစုန်​မျောမလိုဖြစ်နေခဲ့တယ်။ အဲဒီနောက် ချီကာဂိုကို ပြောင်းနေတယ်။ Joseph Picha ဆိုတဲ့သူနဲ့ လက်ထပ်တယ်။ အဲဒီလူနဲ့လည်း ထပ်ကွဲတာပဲ..။

၁၈၉၇ ခုနှစ်၊ မတ်လ ၂၀ ရက်..။ နောက်ဆုံးမှာ ချမ်းသာကြွယ်ဝတဲ့ နီကိုလပ်စ် (Nicholas Feldevert) နဲ့ တွေ့ဆုံခဲ့ပြီး Eugene city မှာ သူတို့ လက်ထပ်ခဲ့တယ်..။

၁၉၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ..။ ကံမကောင်းတဲ့ ထရီဇာဟာ ယောက်ျားဖြစ်သူ နီကိုးလပ်စ် ကွယ်လွန်သွားလို့ ဝမ်းနည်းရပြန်တယ်။ ထရီဇာဟာ ယောက်ျားကို Eugene city မှာမြှုပ်နှံခဲ့တယ်။ ထရီဇာဟာ သူမမိသားစု အုတ်ဂူတွေအတွက် အိုင်အိုဝါစီးတီးမှာ အထိမ်းအမှတ်အဆောက်အဦတစ်ခု တည်ဆောက်ခဲ့တယ်။ ချီကာဂိုပန်းပုဆရာ Mario Korbel ကို ကောင်းကင်တမန်နတ်တစ်ပါးပုံစံ ရုပ်တုကိုကြေးဝါနဲ့သွန်းလောင်းပြီး တည်ဆောက်ခိုင်းတယ်။ အဲဒီရုပ်တုပြီးဖို့ သုံးလကြာတယ်။

၁၉၁၁ ခုနှစ်၊ ဧပြီလ..။ အဲ့ဒီရုပ်တုကြီး တည်ဆောက်ပြီးသွားတော့ သူ့သား အလောင်းကိုယူလာပြီး အဲဒီမှာမြှုပ်နှံခဲ့တယ်..။

၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ..။ သူ့ယောက်ျားအလောင်းနဲ့ ယောက်ျားရဲ့ကလေးအလောင်းတွေယူလာပြီး အဲဒီမှာထပ်ပြီးမြှုပ်နှံတယ်။ ထရီဇာက သူသေရင်လည်း အဲဒီမှာပဲမြှုပ်နှံဖို့ စီစဉ်တယ်။

ထရီဇာဟာ ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ ၁၉၂၄ ခုနှစ်၊ ထရီဇာသေဆုံးသွားတော့ သူ့သင်္ချိုင်းဂူကို ရုပ်တုအောက်က မိသားစုတွေနဲ့အတူ မြှုပ်ခဲ့ကြတယ်။

အနက်ရောင်အိန်ဂျယ်

နှစ်အနည်းငယ်အကြာ…

ရုပ်တုရဲ့တောက်ပတဲ့ မျက်လုံးတွေဟာ ရုတ်တရက်မှေးမှိန်လာတယ်။ ရွှေရုပ်တုဟာ မည်းနက်သွားတယ်။ တချို့ကတော့ ထရီဇာကိုယ်တိုင်က ကျိန်စာတိုက်တတ်တဲ့ စုန်းမကြီးတစ်ဦး ဖြစ်တယ်တဲ့။ အချို့တွေက ထရီဇာဟာ သူမအသက်ရှင်တုန်းက ချိုးဖောက်ခဲ့တဲ့ ကတိတစ်ခုရှိတယ်။ အဲဒါ “ခင်ပွန်းအပေါ်သစ္စာရှိပါ့မယ်” လို့ ကျိန်ခဲ့တာပဲ…။ အဲ့ဒီကတိ ပျက်ကွက်လို့ ကောင်းကင်တမန်က ကျိန်စာတိုက်ခဲ့တာတဲ့…။

တချို့လည်း အဲဒီရုပ်တုကို ကိုင်ကြည့်၊ နမ်းမိကြပြီး ဒုက္ခရောက်သွားကြတဲ့ ကောလာဟလတွေရှိတယ်။

အကျော်ကြားဆုံး အဖြစ်အပျက်တစ်ခုက လပြည့်ညတစ်ညမှာ ရုပ်တုရဲ့ခြေထောက်ကိုနမ်းလိုက်တဲ့ မိန်းမငယ်တစ်ဦးပေါ့..။ ဒေသခံတွေက အဲဒီမိန်းကလေးဟာ ခြောက်လအတွင်းသေဆုံးသွားတယ်တဲ့..။

သူငယ်ချင်းတွေ အချင်းချင်း “ အဲဒီရုပ်တုကို ထိရဲလား” လို့ နောက်ရင်းပြောင်ရင်း သွားကိုင်မိလို့ နှလုံးရောဂါအကြီးအကျယ်ရပြီး သေဆုံးသွားခဲ့ဖူးတယ်။ “အနက်ရောင် နတ်သမီးရဲ့ အတောင်ပံအောက်မှာ လမ်းလျှောက်မိရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုယ်ဝန်ပျက်ကျတယ်” လို့ ဒေသခံတွေက သတိပေးတယ်။

အနက်ရောင်အိန်ဂျယ်

ဒီအကြောင်းကို စုံစမ်းစစ်ဆေးဖို့ အုတ်ခ်လန်းသုသာန်ကို သွားတဲ့သူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်။ သူတို့ဟာ လမ်းလျှောက်တဲ့အသံတွေကြားရတယ်။ ထူးဆန်းတဲ့ အလင်းရောင်တွေ တွေ့ရတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က Devin Marble နဲ့ JaFe Pardo တို့ စီစဉ်တဲ့ SyFy Channel- Haunted Highway က အနက်ရောင်အိန်ဂျယ်ကို စမ်းသပ်ဖို့ အိုင်အိုဝါ၊ အုတ်ခ်လန်းသုသာန်သို့သွားခဲ့တယ်။ အလွန်ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ ရုပ်တုရဲ့အပူချိန်ဟာ သိသိသာသာမြင့်တက်နေခဲ့လို့ အားလုံး အံ့ဩခဲ့ရတယ်။

အနက်ရောင်အိန်ဂျယ်ရဲ့အမှောင်ထဲက ကျိန်စာကြောင့်ဖြစ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကို ယုံတဲ့သူရော၊ မယုံတဲ့သူတွေရောရှိတယ်။ မယုံတဲ့သူတွေရှိရင် အနက်ရောင် အိန်ဂျယ်ကို ကိုယ်တိုင်သွားပြီး စစ်ဆေးနိုင်တယ်တဲ့။ အိုင်အိုဝါစီးတီးက အနက်ရောင်အိန်ဂျယ်ရဲ့ ကျိန်စာ မှန်၊ မမှန်သိဖို့ ဒီဂျစ်တယ်အသံဖမ်းစက်နဲ့ အပူချိန်တိုင်းကိရိယာတွေယူပြီး အုတ်ခ်လန်း သုသာန်ကို ညဖက်သွားကြည့်ပါ။

ဒါပေမဲ့ ဘာပဲလုပ်လုပ် … သတိတော့ထားပေါ့ ။

မရွှေမိုး (ကိုရီးယား)
(May 25,26 2020)

Add a Comment

Your email address will not be published. Required fields are marked *