ရှက်စိတ်တွေ နည်းကုန်ကြပြီလား -( ဆောင်းပါးရှင် – သန်းနိုင်ဦး )

” ရှက်စိတ်တွေ နည်းကုန်ကြပြီလား ” ရေးသားသူ – သန်းနိုင်ဦး ရေးသားချက် ကို ပြန်လည်မျှဝေ ပါသည် ။

မိတ်ဆွေ တို့ကို ဒီမနက် သတင်းဆိုး နှစ်ခု ပြောစရာ ရှိပါတယ် ။ ပထမ သတင်းဆိုးကတော့ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှာ တာဝန် ထမ်းဆောင်နေဆဲ ရဲမှူးချုပ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်ရဲမေ အချို့အပေါ် လိင်ပိုင်းဆိုင်ရာအ မြတ်ထုတ်မှု နဲ့ တိုင်တန်းထားတာ ကြောင့် စုံစမ်းစစ်ဆေးနေတဲ့သ တင်းထွက်ပေါ်လာပါတယ်။ ရာ ထူးတိုးမြှင့် ခန့်ထားရေး အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု တွေလုပ်ခဲ့ကြောင်း တိုင်တန်းခံ ထားရတာပါ။ ဒီဖြစ်ရပ်သာအမှန် တကယ်ဆိုရင် မြန်မာနိုင်ငံရဲတပ် ဖွဲ့အတွက် အရှက်ရစရာကိစ္စရပ် ကြီးဖြစ် ပါတယ် ။ ကူညီပါရစေ ဆောင်ပုဒ်စိုက် ထူထားတဲ့ အဖွဲ့ အစည်းကြီးမှာ ဝန်ထမ်းအကြီးအ ကဲတစ်ယောက်က ရာထူးဂုဏ်အရှိန်အဝါအသုံးပြုပြီး လက်အောက် ငယ်သား ဝန်ထမ်းတွေအပေါ် လိင်အမြတ်ထုတ်တာသာ မှန်ခဲ့ ရင်ရှက်ဖွယ် လိလိသာ ဖြစ် ပါ တယ်။

ရှက်စိတ်တွေ နည်းကုန်ကြပြီလား

ဒီလိုဖြစ်တာက အဖွဲ့အ စည်းထဲမှာ လူအနည်းငယ်ပဲဖြစ် ပြီး အများစုကဒီလိုကိစ္စအပေါ် ရွံမုန်းပြီး တရားမျှတမှုကိုလိုလား တောင်းဆိုကြသူတွေဖြစ်ဖို့ မျှော် လင့်ပါတယ်။ အပြစ်ရှိသူကို ဥပဒေနဲ့အညီ အရေးယူရမှာဖြစ် သလို ဒါကိုသင်ခန်းစာယူပြီး နောင်အလားတူအဖြစ်မျိုး မကြုံ အောင် အဖွဲ့အစည်းအတွင်း ပြု ပြင်ပြောင်းလဲမှုတွေ လုပ်ရမှာဖြစ် ပါတယ်။

ဒီကိစ္စအပေါ် အွန်လိုင်းအ သုံးပြုသူတွေက အမျိုးမျိုးဝေဖန် မှတ်ချက်ပေးခဲ့ကြတယ်။ ကာ တွန်းဆရာများကလည်း ကာ တွန်းတွေထုတ်လုပ်ပြီး အချိန် ကိုက်သရော်ခဲ့ကြတယ်။ စိတ်မ ကောင်းစရာဖြစ်ရပ်က အကျူး လွန်ခံခဲ့ရသူတွေအပေါ် စာနာမှုမ ပေးဘဲ ကျူးလွန်ခဲ့သူဘက်က ရပ် တည်ခဲ့ကြသူတွေပါပဲ။ ပိုပြီးစိတ် မကောင်းဖြစ်ရတာက အဲဒီလိုလူ တွေထဲမှာ အမျိုးသမီးအချို့လည်း ပါဝင်နေတယ်။ လူတွင်ပါလို့ နွား ကျားကိုက်တာပါလို့ မှတ်ချက်ချ သူတွေရှိသလို ရာထူးတက်ချင် တာကိုး၊ အခုတော့ခံလိုက်ရပြီလို့ အမနာပ ပြောကြသူတွေလည်း ရှိတယ်။

နောက်ထပ်သတင်းဆိုး လည်းရှိနေပါသေးတယ်။ သတင်း မီဒီယာသမားအချို့ အဖွဲ့အစည်း တစ်ခုရဲ့ (တစ်ခုထက်လည်း ပို နိုင်) ငွေကြေးတစ်စုံတစ်ရာရယူ ပြီး သတင်းထုတ်လုပ်နေတယ်ဆို တဲ့ သမ္မတရုံးပြောခွင့်ရဦးဇော်ဌေး ရဲ့ပြောဆိုမှုတွေပါ။ သက်သေခိုင် မာအောင်လုပ်ဆောင်နေပြီး ဥပ ဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ လည်း သူကသတိပေးထားပါ သေးတယ်။ ဒီဖြစ်ရပ်သာ အမှန် တကယ် ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့လူ့အဖွဲ့အစည်း အ နာဂတ်ရေတိမ်နစ်ပြီ။ ပြည်သူ တွေကို မျက်စိဖွင့်၊နားဖွင့်ပေးမယ် ဆိုတဲ့ သူတွေကိုယ်တိုင် အရှက် နည်းတဲ့လုပ်ရပ်ကို လုပ်နေကြ တာလို့ပဲ သက်မှတ်ရတော့မှာပါ။

ရှက်စိတ်တွေ နည်းကုန်ကြပြီလား

မီဒီယာသမား ဆိုသူတွေ ကိုယ်တိုင်က ဖြေစေချင်တဲ့မေး ခွန်းလေးတွေ မေးပေး၊ ရသမျှအ ခွင့်အရေးမှန်သမျှ အိတ်ထဲ ကောက်ထည့်ကြလုပ်နေရင် အဲဒီ တိုင်းပြည် ဖွတ်သထက်ညစ်နေ မှာပဲ။ ဘယ်တော့မှနာလန်ထူမှာ လည်းမဟုတ်ဘူး။ ဒီလိုကိုယ်ကျိုး ရှာတဲ့ မသမာမှုမျိုးကိုမီဒီယာသ မားတွေကိုယ်တိုင် စုံစမ်းဖော် ထုတ်ရေးသားဖို့ ကောင်းတယ်။ တခြားသူတွေရဲ့ မတရားမှုကြီး ငယ်တွေမှာ စတုတ္ထမဏ္ဍိုင်အလံ တော်ကို တံခွန်လွှင့်ခဲ့ကြတာပဲ မဟုတ်လား။ ဒါလည်းပဲ သတင်း သမားအချို့သာ ကျင့်ဝတ်ဖောက် တာဖြစ်ပြီး အများစုကအခက်အ ခဲမျိုးစုံကြုံနေပေမယ့် ကျင့်ဝတ်နဲ့ အညီ လုပ်ကိုင်နေကြတယ်လို့ ယုံ ကြည်ပါတယ်။ ဘာကြောင့်လဲဆို ရင် ဒီကျင့်ဝတ်ဖောက်ဖျက်မှုအ ပေါ် သတင်းစာဆရာအများစုနဲ့ မီဒီယာတွေကိုယ်တိုင်က ပြင်း ပြင်းထန်ထန် ဝေဖန်ရှုတ်ချနေကြ လို့ပါပဲ။

ရှက်စရာကိစ္စရပ်တွေကို ရှက်စရာအဖြစ် သိမှတ်လက်ခံကြ ရပါ့မယ်။ ကျွန်တော်တို့လူ့အဖွဲ့အ စည်းကရှက်စရာကို ရှက်ရ ကောင်းမှန်းမသိတော့ဘူး။ ကိုယ့် လက်အောက်ငယ်သားကို လိင် အမြတ်ထုတ်ချင်တဲ့ အရာရှိဆိုး တွေရှိတယ်။ ပြည်ကြီးမျက်လုံး၊ပြည်ကြီးပခုံးဆိုသူတွေက အ ထောက်အပံ့ မျှော်ကိုးနေတယ်။ ဒါတွေဟာ ခေတ်စနစ်နဲ့ဘာမှမ ဆိုင်ဘူး။ ကိုယ်ကျင့်သိက္ခာ ပြဿနာသာဖြစ်တယ်။

သတင်းစာဆရာကြီး လူထု စိန်ဝင်းက သင့်ဘဝမဂ္ဂဇင်းမှာ ရှက်စိတ်မျက်နှာဖုံး ဆောင်းပါး ရေးပြီး (မတ်လ ၁၉၉၇ ) အခုလို တပ်လှန့်ခဲ့ဖူးတယ်။ အဲဒီကာလ က နယ်ပယ်အသီးသီးမှာ နယ်စား ပယ်စားတွေ တန်ခိုးထွားနေချိန်၊ ဗောင်းတော်ညိတ် စိတ်တော်သိ၊ အနားပြာတွေ တစ်မိုးလုံးဖျောက် ဆိပ်ဖြစ်နေချိန်မှာ ဆရာလူထုစိန် ဝင်းက သတင်းစာပညာနဲ့ မြန်မာ လူ့အဖွဲ့အစည်းကို မီးမောင်းထိုး ပြခဲ့တာပါ။

ဟီရိသြတ္တပဆိုတဲ့ ‘ရှက်ခြင်း’ တရားကြောင့် ‌လေးတွေဟာယဉ် ကျေးတဲ့သတ္တဝါလို့ အခေါ်ခံရတာ ပါ။ တိရစ္ဆာန်တွေမှာတော့ ဟီရိ သြတ္တပဆိုတာ နားမလည်ကြပါ ဘူး။ ကိုယ်ဆာလောင်လာတဲ့အ ခါ စားချင်စိတ်ပေါ်လာတဲ့အခါ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ်ခံ အားနည်းတဲ့ သတ္တဝါလေးတွေကို ဖမ်းယူစားသောက်ပစ်လိုက်တာ ပါပဲ။ အားနည်းသူကို အနိုင်ကျင့် တာဟာ ရှက်စရာပါလားလို့ တိရစ္ဆာန်တွေက စဉ်းစားရ ကောင်းမှန်းမသိပါဘူး။ အဲဒီလိုပါ ပဲ သူ့ထက်အားကြီးတဲ့သူတွေ့ရင် သူဟာအမြီးကိုတန်းပြီး ထွက် ပြေးမှာပါပဲ။ ရန်သူကို ကျောပေး ပြီးပြေးခြင်းဟာ ရှက်စရာပါလား လို့ တိရစ္ဆာန်တွေကမစဉ်းစား တတ်ပါဘူး။ သူ့အတွက်အရေး ကြီးဆုံးက သူအသက်ရှင်နေဖို့သာ ဖြစ်တယ်။ အဲဒါကြောင့်အရှက် ဆိုတဲ့ အရာလေးတစ်ခုဟာ လူနဲ့ တိရစ္ဆာန်တွေကို စည်းခြားပေး ထားတဲ့အရာတွေထဲက အရေး ကြီးတဲ့အရာတစ်ခုလို့ ဆိုချင်ပါ တယ်။

၁၉၉၄ ခုနှစ် ဇွန်လထုတ် သင့်ဘဝမဂ္ဂဇင်းမှာ ဆရာအောင် သင်းက ငိုမေးငိုဖြေဆိုတဲ့ဆောင်း ပါးရေးခဲ့တယ်။ မန္တလေးမီးရထား စာကြည့်တိုက် ရေးသူဖတ်သူ ဆွေးနွေးပွဲအကြောင်း ပြန်ပြောင်း ရေးထားတာပါ။ တက္ကသိုလ်ဆရာ ငယ်တစ်ယောက်က ဆရာအောင် သင်းကို မေးခွန်းထုတ်တယ်။ ဒီ နေ့သင်ယူသူ (ကျောင်းသား)တွေ အတော်များများ အကျင့်ပျက်နေ ကြပြီ။ သင်ကြားသူ (ဆရာ) တွေ လည်း အကျင့်ပျက်စပြုလာပြီ။ မေးခွန်းရှင်ဆရာလေးက ကိုယ့် ကိုယ်ကိုယ်ထိန်းရင်း လျှာပေါ် မြက်ပေါက်ကြတော့မယ်။ ကျွန် တော်တို့ မြက်စားရတော့မလား လို့ မေးခွန်းထုတ်လာပါတယ်။ ဆရာအောင်သင်း ပြန်ဖြေတာက အတတ်နိုင်ဆုံး တောင့်ထားပါ။ မြက်ကိုမစားချင်ပါနဲ့။ နောက်ဆုံး မတောင့်နိုင်တော့ရင်ဖြင့် စား လိုက်ပါတော့။ ဒါပေမဲ့ငိုပြီးစား ပါ။ ကြေကွဲစွာငိုပြီးစားပါ။ ငိုရ ကောင်းမှန်းသိပါ။ ဒါဟာငိုရမယ့် ကိစ္စ။ ပတ်ဝန်းကျင်အပေါင်းအ သင်းများကိုလည်း ငိုရကောင်း မှန်းသိအောင်သတိပေးပါ။ အဲဒီ လိုလုပ်လာကြမယ်ဆိုရင် လူတွေ ဟာ မငိုချင်တဲ့အတွက်ကြောင့် ဝိုင်းဝန်း ဖန်တီးလာကြလိမ့်မယ် လို့ယူဆပါတယ်။

လူတွေဟာ ယေဘုယျအား ဖြင့် လောဘ၊ ဒေါသ၊ မောဟများ လာတဲ့အခါ အမိုက်မှောင်ဖုံးလာ ပြီး အရှက်မဲ့လုပ်ရပ်တွေလုပ်လေ့ ရှိပါတယ်။ အတ္တကြီးမားလာရင် လည်း ရှက်ရမယ့်ကိစ္စတွေမှာ ရှက်ရကောင်းမှန်း မသိတော့ပါ ဘူး။ ဉာဏ်ပညာချွန်းအုပ်နိုင်ပါမှ တော်ကာကျမှာပါ။ ငွေကြေး၊ ရာထူးအာဏာတို့နဲ့ ပွတ်တိုက်မိ တဲ့အခါ အရှက်တရားကိုသတိမရ ကြတော့တဲ့သူတွေလည်း ရှိ တယ်။ ဝမ်းနည်းစရာကောင်းတာ က ကျွန်တော်တို့ လူ့အဖွဲ့အစည်း မှာ ရှက်စရာကို မြောင်းထဲရောက် အောင် လုပ်နေကြသူတွေရှိနေ တာပါပဲ။

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည် …
Photo-Credit

Add a Comment

Your email address will not be published. Required fields are marked *