ကံစမ်းချင်သူများ ၏ ဘုံဌာန ( သို့ ) ကျွန်တော် ဆုံဖူးသော ရွှံ့လူးဘမော် ( ကိုယ်တွေ့ဖြစ်ရပ် )

” ရေမဆေးလောကမှာ ဘမော် ကျင်လည် လာခဲ့တာ ကြာပြီ။ရေမဆေးကျောက် ဆိုတာ ရှာတိုင်း ရတာ မဟုတ်ဘူး။ ဘယ်လောက်ထိပဲ ကြိုးစားပြီး ရှာရှာ ကျောက်မျိုးလေး တစ်လုံးတောင် ရချင် မှ ရတတ်တာ ။ ရသည် ထားအုံး တစ်လုံး ထအောင်လာ ဖို့ ဆိုတာ မလွယ်သေးဘူး။ ဒီတော့ ကံကို အားကိုးပြီး မနားတမ်းရှာနေကြ တဲ့ သူတွေကို တွေ့ရင် ဘမော် ရယ်ချင် တယ် ။ ဘမော် တို့က ဉာဏ်သမားဗျ ။ ကျောက်လောက ဆိုတာ ကံနဲ့သွား လို့ မရ ရင် ဉာဏ် နဲ့ သွားတတ်ရတယ်။”

ဒါက ဘမော် ရဲ့ ထာဝရလက်သုံး စကားပါ။ ဘမော်နဲ့ ကျွန်နော်က အရမ်းကြီး ခင်ကြတာ မဟုတ်ပေမယ့် သိနေတာ ကတော့ ကြာပါပြီ။ဘမော်မှာ ကောင်းစိတ်လေး တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကိုယ်လို ရေမဆေး အချင်းချင်းတွေ ဆိုရင် သူက ဉာဏ်မများ တတ်ဘူး ။ ဘာကြောင့် သိရတာလည်း ဆိုတော့ ဘမော်နဲ့ ကျွန်တော် စပြီးတွေ့ဖူးစဉ် က ဖားကန့်နဲ့ နမ္မဖြစ်ကြားက “ရှမ်းမ ဆီဆိုင်” အကျော်နားလေး မှာပါ ။

ကံစမ်းချင်သူများ ၏ ဘုံဌာန

အဲဒီတုန်း က မော်စီစာရွာနား မှာ ကျော်နိုင် ကုမ္ပဏီက မြေစာ ပစ်တယ် ။ကျောက်ကောင်းတွေ ပါတယ် သတင်းကြား လို့ ဖားကန့်ကနေ ကျွန်တော် ဆိုင်ကယ်လေး နဲ့ ရေမဆေးသွားရှာတုန်း အချိန်ပါ။ရေမဆေး ရှာနေပေမယ့် ဘေးနားက သူငယ်ချင်းတွေ မှာ ကျောက်တွေရရင် ဝယ်သွားတတ်တယ် ။ရေမဆေးလောပန်း မဟုတ်ပေမယ့် သိနေတဲ့သူ အတော်များများက ကျွန်တော့် ကို တွေ့ရင် ကျောက်တွေ လာပြတ တ်တယ်။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ကလည်း ပွိုင့်ဖိနပ်စီးပြီး ရေမဆေး ရှာနေတုန်း အချိန်ပါပဲ ။

ကျောက်ရှာ ထွက်ရင် ကျွန်တော့်ရေမဆေး အိပ်လေးထဲ မှာ ငွေတစ်အုပ်ကျော်ကတော့ အမြဲ ပါတယ်။ အဲဒီအချိန်တုန်း ရေမဆေးလောပန်းတွေ မှာ ပိုက်ဆံ တစ်အုပ်တောင် ပြည့်အောင် မပါဘဲ လိုက်ချောင်းနေကြ တဲ့ သူတွေ ရှိတယ်။မြေစာပုံတက်လာ တဲ့ လောပန်းတွေမှာ ဖုန်းခါး ချိတ်ထားရင် ဆရာကြီးပဲ။ နိုင်းတီးဆဲလ်ဗင်း(97) ဆိုင်ကယ်စီးလာ ရင် လောပန်းကြီး ။ ကားစီးလာရင် တကယ့်လောပန်းကြီးပေါ့။ အဲဒီတုန်းက ကားတွေလည်း ခုလောက် မများသေးဘူး။

ဖားကန့်ဘက် က ဆိုင်ကယ်စီး လာရင်း “ရှမ်းမဆီဆိုင်”အကျော် ဖားရေတောင်လမ်းနားမှာ ဘမော်ကို စတွေ့တယ်။ရေမဆေး လွယ်အိတ်လေးလွယ် စိန်တူလေးဘေးချပြီး ကျောက်ကို စတွေးနဲ့ ပုတ်ကြည့်နေတယ်။ ကျွန်တော် က ကျောက်နဲ့တွေ့ရင် ဝယ်နိုင်သည်ဖြစ်စေ၊မဝယ်နိုင်သည်ဖြစ်စေ ဆိုင်ကယ်ပေါ်က ဆင်းကြည့်တတ်တဲ့ အကျင့် ရှိတယ်။အခုလည်း ဆိုင်ကယ်ပေါ် က ဆင်းပြီး ဘမော်အနားကို ကပ်သွားမိတယ်။”ခဏ ကြည့်မယ်နော်”လို့ ခွင့်တောင်းပြီး ကျောက်ကို သေချာကြည့်တော့ ကျောက်ယမ်းက အတော်လေး လှတယ် ။ ” ရောင်းမှာလား ”လို့ မေးလိုက်တော့ “ရောင်းမယ်”တဲ့။ဒီတော့ ကျွန်တော် “ ဘယ်လောက်ဆို ရောင်းမှာလဲ ” လို့ မေးလိုက် မိတယ်။

ကံစမ်းချင်သူများ ၏ ဘုံဌာန

ဘမော်က ကျွန်တော့် ကို ခြေဆုံး ခေါင်းဆုံးကြည့်တယ်။ခါးမှာလည်း ဟန်းဖုန်း(အဲဒီတုန်းက ၅ သိန်းတန်ဆင်းကဒ် စ ရောင်းပေးစအချိန်)နဲ့ပြီးတော့ ကိုင်တဲ့ကျောက်ကြည့် ဓါတ်မီးက လည်း 120000 တန် နောက်ဆုံးပေါ်(အခု မျက်လုံးတံဆိပ် ဓါတ်မီးများ ပေါ်စတွင် 120000 ပေးရသည်။) ဓါတ်မီး ဆိုတော့ ဘမော် အတော်လေး စဉ်းစားရကျပ်သွားတယ် ထင်ပါတယ်။စီးထားတဲ့ ပွိုင့်ဖိနပ်ကိုကြည့်တယ် ။ပြီး မှ “မင်းက လောပန်းလား၊ရေမဆေး လား ” တဲ့ ။

ကျွန်တော်က “ရေမဆေးပါဗျာ၊ကျော်နိုင်မြေစာပုံ မှာ သွားရှာတာ ။ဖုန်းတွေ ဓါတ်မီးတွေ ကို အထင်မကြီး ပါနဲ့ ဦးလေး ကျောက်အောင်တုန်း က ဝယ်ပေးထား တာတွေပါ” ဆိုတော့ ဘမော်က ခပ်ပြတ်ပြတ် နဲ့ ကျွန်တော့်ကို ပြောတယ်။ ”မင်း ရေမဆေးဆိုရင် ဒီကျောက် ငါမရောင်းဘူး ”တဲ့။ ကျွန်တော် တော်တော် တင်းသွားတယ်။ ဆိုင်ကယ် တူးပေါက်ထဲက ငွေအုပ် ကို ထုတ်ပြမိ မလိုတောင် ဖြစ်သွားမိတယ်။ ဒါပေမယ့် ဘမော်ရဲ့ ပြန်ပြောစကားကြောင့် ဘမော် ရဲ့ စိတ်ဓါတ်ကို ပိုပြီးလေးစားသွား မိတယ် ။

“ဟေ့ကောင် သူငယ်ချင်း မင်းကို မရောင်းနိုင်ဘူးပြောတာ စိတ်မဆိုးနဲ့အုံး ဒီကျောက်က အဆေးပြီးသားကျောက် မကောင်းဘူး၊ငါ ရွံ့ပြန်လူးထားတာ။ဂွင် ကျောက်ပေါ့ကွာ ကိုယ့်လို ရေမဆေး ချင်းချင်း အမြတ်မထုတ်ချင်လို့ မရောင်းတာပါ”တဲ့လေ။ ကျွန်တော် အံ့သြသွားတယ်။ ကျွန်တော် မြေစာပုံမှာ ဦးလေးနဲ့ တခါတလေ ကျောက်လိုက် ဝယ်ရင်တောင် ဆေးပြီးသား ထင်တယ် လို့ ပြောလိုက်ရင် အဆေးပြီးသားမဟုတ်ကြောင်းကျိမ်ပြောသွားတတ်ကြတဲ့ သူတွေကို တွေ့ဖူးတယ်။အိမ်ရောက်လို့ ဆေးကြည့်မှ ဆေးပြီးသားတွေ ဖြစ်နေတယ်။ ဒါကြောင့် အမှန်အတိုင်း ဝန်ခံလိုက်တဲ့ ဘမော် ကို စပြီးလေးစားမိတာပါ။

နောက်ပိုင်း ဘမော် နဲ့ အဲဒီအနီးတစ်ဝိုက် မှာ မကြာခဏဆိုသလို ဆုံတတ်တယ် ။ဆုံဖြစ်တိုင်းလည်း ဘမော်က ပြုံးပြတတ်တယ် ။နောက်တော့ ကျွန်တော်လည်း ပြန်လည်ပြုံးပြဖြစ်ရင်း ဘမော်နဲ့ ကျွန်တော် စကားတောင် သေချာမပြောမိဘဲ မျက်လုံးချင်း ရင်းနှီးလာကြတယ်။

တနေ့ ကျောက်ရှာ က အပြန် ဘမော်ကို “ပန်းတင်တံနား”အနားမှာ ခြေကျင် လျှောက်နေတာ တွေ့တော့ ကျွန်တော် ဆိုင်ကယ်နဲ့တင်ခေါ်ဖြစ်တယ်။ဘယ်အထိ သွားရမှာလဲ မေးတော့ “မရှိကထောင်ရပ်ကွက်”မှာ အိမ်ငှားနေတာတဲ့။ကျွန်တော် နေတာက မော်ဝမ်းရပ်ကွက်ပါ ။ဘမော်နဲ့ကျွန်တော် လမ်းမဆုံပေမယ့် အဲဒီနေ့က ဘမော်ကို ကျွန်တော် သူ့အိမ်အထိ လိုက်ပို့ပေးမိတယ်။

ငှက်ပျောတော ရပ်ကွက်နားရောက်တော့ ဘမော်က “ မင်းဘီယာ သောက်တတ်လား၊ငါတိုက်မယ်”တဲ့။ကျွန်တော်က “သောက်တော့သောက်တတ် ပါတယ်၊ဒါပေမယ့်•••”ဆိုတော့။ကျွန်တော့်စကားဆုံးအောင် ဘမော်မစောင့်ဘူး “ ဒါပေမယ့် မနေနဲ့ ငါဒီနေ့နည်းနည်း ခိုင်လာတယ်။မင်းကို အမဲစွတ်ပြုတ်နဲ့ “မော်လမြိုင်”ဆိုင်မှာ ဘီယာ တိုက်မယ်”တဲ့ ။

မြန်မာ ဘီယာကို Grand တစ်ပက်ရောပြီး ခွက်ထဲ ငှဲ့ပြီးစဉ် ဆိုင်ရှင်လာချပေးတဲ့ အမဲစွတ်ပြုတ်ကို တစ်ဇွန်းယူသောက်လိုက်မိတယ်။အမှန်အတိုင်းပြောရရင် အဲဒီနှစ်တုန်းက ကျွန်တော် ရခိုင်က စ တက်လာတုန်းနှစ်ပါ။အမဲစွတ်ပြုတ်ဆိုတာ ကျွန်တော်တို့မြို့ မှာ မရှိဘူး။ ဝက်စွတ်ပြုတ်ပဲ ရှိတယ်။အခုမှ ဘမော်ကျေးဇူးနဲ့အမဲစွတ်ပြုတ်ဆိုတာ ဖားကန့်မှာ ရှိတယ်လို့ စသိတဲ့ အချိန်ပေါ့ ။

ကံစမ်းချင်သူများ ၏ ဘုံဌာန

တစ်ယောက်နဲ့ တစ်ယောက် နာမည်ချင်း မိတ်ဆက်ပြီး ဘမော်နဲ့ ကျွန်တော် ခင်သွားကြတယ်။နောက်ပိုင်း လမ်းကြုံရင် ဘမော်ကို ကျွန်တော် အိမ်ပြန် ပို့ပေးတတ်တယ်။နည်းနည်း ရင်းနှီးလာတော့ ဘမော်ကို အခုလို ဂွင်ရိုက်တဲ့အလုပ်ကို မလုပ်ဖို့ ၊ရေမဆေး ကျောက်ကို ကြိုးစားရှာဖို့ ကျွန်တော် တိုက်တွန်းမိတယ် ။ဒါပေမယ့် ဘမော် လုံးဝ လက်မခံပါဘူး။ လက်မခံတဲ့ အပြင် ကျွန်တော့် ကို မကျေမနပ်ဖြစ်ပြီး” မင်းက ဆယ်တန်းအောင် လာတယ် ပြောလို့သာ ငါယုံမိတယ် ။

ဘယ်လိုအောင်လာပါလိမ့်။ မင်းကြည့်ရတာ အတော်တုံးမယ့်အကောင် ။ငါက လေးတန်း အထိပဲ ကျောင်းနေဖူးတယ် ဒါပေမယ့် မင်းထက်သာတယ် ။ခေါင်းဆိုတာ ဆံပင်ပေါက်ရုံ အတွက် သီးသန့့်် ထည့်ပေးလိုက်တာ မဟုတ်ဘူး။ဉာဏ်ကစား ဖို့အတွက် ဦးဏှောက် တစ်ခါတည်း ထည့်ပေးလိုက်တာ” ဆိုပြီး ရန်စကားတွေ ပြောလာတယ်။နောက်ပိုင်း ကျွန်တော် ဘမော်ကို သူ့လုပ်ရပ်အကြောင်း မတားမိအောင် အမြဲရှောင်ခဲ့တယ်။ဘမော်ကတော့ ကျွန်တော့် အပေါ် ခပ်စိမ်းစိမ်းလေး ဖြစ်သွားတယ်။

ဒီလိုနဲ့ ဘမော်နဲ့တွေ့ပြီး ၁ နှစ်ကျော် အကြာ မှာ ဖားရေတောင် လမ်းမှာပဲ ကားတစ်စီးကို ကျောက်ရောင်း ပေးနေတဲ့ ဘမော် ကို တွေ့လိုက်မိတယ် ။ကားနားကို ဆိုင်ကယ်ရောက်တော့ ကားပေါ်က လောပန်းက “ရ ခိုင်လေး ကျောက်မရဘူးလား၊ မင်းဦးလေး အောက်ပိုင်းဆင်းသွားတာလား ” လို့ လှမ်းနှုတ်ဆက်တယ်။အဲဒီတုန်းက ကျွန်တော် ရေမဆေးရှာရင်း အားတဲ့ အချိန်တွေမှာ ဦးလေး နဲ့ ကျောက်ပွဲတိုက် စလိုက်နေပြီမို့ လောပန်း တော်တော်များများနဲ့ သိစ ပြုလာတဲ့ အချိန်ပါ ။

ဘမော်က လည်း ကျွန်တော့် ကို လှမ်းနှုတ်ဆက်တော့ လောပန်းက “ရခိုင်လေးနဲ့ အသိတွေလား၊ အာ့ဆို အားပေးသွားရမှာပေါ့ “ဆိုပြီး ဘမော် တောင်းထား တဲ့ ဈေးကို ချဝယ်သွားတယ်။ ဘမော်ဆို အပျော်ကြီး ပျော်လို့။ ကျွန်တော့်ကို ဘီယာလိုက် တိုက်ဖို့ အတင်းခေါ်ပြန်တယ် ။မဆုံဖြစ်ကြတာ ကြာပြီမို့ မငြင်းဘဲ ခေါင်းညိတ်လိုက်မိတယ် ။ဒါပေမယ့် စိတ်ထဲမှာ ခုန ကျောက်ဝယ်သွားတဲ့ လောပန်း ကို အားနာနေမိတယ် ။နောက်တွေ့ဖြစ်ရင် သူကိုင်တာ ဂွင်ကျောက်တွေ ၊ဆေးပြီး မှ ရွှံ့သုတ်ထားတာတွေလို့ ပြောပြဖို့ အားခဲထား မိလိုက်တယ် ။

ဆယ်ရက်လောက် ကြာတဲ့ အခါ စံပါယ်ဖြူစာအုပ်ဆိုင် မှာ စာအုပ်ရွေးနေရင်း ဂျာနယ်လာဝယ်တဲ့ (ဘမော်ကျောက် ဝယ်သွားသောလောပန်း)လောပန်းနဲ့ တွေတော့”အတော်ပဲကွာ ရခိုင်လေး မင်းကို လဒ်ကီး(lucky)ပေးချင်နေတာနဲ့။ မင်းသူငယ်ချင်းဆီက ဝယ်လိုက်တဲ့ကျောက်က အောင်တယ်ကွ ။ရော့ မုန့်ဖိုး”ဆိုပြီး တစ်ထောင်တန် ၂ အုပ် ထုတ်ပေးတယ် ။”ဘယ်လောက်ထိ အောင်တာလဲ လောပန်း” ဆိုတော့ “ဈေးကွက် ထိုးမကြည့်ရသေးဘူး ၊ကျောက်မျက်ပြပွဲတင်မလို့ မှန်းထားတယ်”တဲ့လေ ။

လောပန်းက ဂျာနယ်ဝယ်ပြီး ကားနဲ့ထွက်သွားတယ်။ ကျွန်တော်သာ တစ်ထောင်တန် နှစ်အုပ်ကိုင်ပြီး အတွေးပေါင်း သောင်းခြောက်ထောင် နဲ့ ကျန်ရစ်ခဲ့ရတယ်။ ဖားကန့် လောကမှာ သူကိုသူ လည်လှပြီထင်နေ တဲ့ ဘမော် တစ်ယောက် သူ့လက်ထဲ ကျောက်ကောင်း တစ်လုံး ရောက်လာပါလျှက် နဲ့ မစားထိုက်လေခြင်း ဆိုတာတွေ တွေးတောရင်းပေါ့ ။

(လောက မှာ တူသောအကျိုး ပေးတတ်ကြ ပါတယ် ။)

ဖြစ်ရပ်မှန် တစ်ခုအား မှီငြမ်းလျှက် နာမည်လွှဲ ၍ ဝတ္ထုတို အဖြစ် ဖန်တီး ရေးဖွဲ့ပါ သည်။

ဆန်းသူရိန်(ခရမ်းကျွန်း)

ခေတ္တ ဖားကန့်မြေ

Add a Comment

Your email address will not be published. Required fields are marked *