ဆိုးလ်မြို့တော်ဝန်ကြီး ကိုယ့်ကိုယ် ကို သတ်သေရတဲ့ နောက်ကွယ်က အကြောင်းရင်း

ဆိုးလ်မြို့တော် ဝန်ကြီး ဘာလို့ ကိုယ့်ကိုယ် ကို သတ်သေသလဲ …?

မြို့တော်ဝန်ကြီး က မနက်ခင်း အလုပ် အစီအစဉ် အားလုံး ကို ဖျက်သိမ်းလိုက်တ ယ်။ တောင်ထဲမဝင်ခင်မှာ မှတ်စုတိုလေးကို ချရေးလိုက်ပါတယ်။

(၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင် ၉ရက်နေ့)

အားလုံးကို တောင်းပန်ပါသည်။ ဘဝမှာ ကျွန်တော်နဲ့အတူရှိနေခဲ့တဲ့ သူတွေအားလုံး ကို အထူးကျေးဇူးတင် ပါသည်။ ကျွန်တော့် အတွက် ခံစားခဲ့ရတဲ့ မိသားစု တစ်စုလုံး အတွက် စိတ်မကောင်းဖြစ်စွာ နဲ့ တောင်းပန် ပါသည်။ ကျွန်တော့် ရဲ့ အရိုးပြာတွေ ကို ကျွန်တော့် မိဘတွေ မြှုတ်ထား တဲ့ တောင်တန်း မှာ ကြဲချပေးပါ။

모두 안녕.အားလုံးကို နှုတ်ဆက်ခဲ့ပါသည်။

Park Won-soon

“ အားလုံး ” တဲ့လား။

သူ အဲ့ဒိနေ့အနက်ရောင် များများ ပါတဲ့ မှောင်မိုက်တဲ့ တောင်တက် အင်္ကျီအဝတ်အစားတွေ ဝတ်ပြီး ကျောပိုးအိတ် တစ်လုံးကို လွယ်ထားတယ်။ CCTV ထဲက မြို့တော်ဝန်ကြီးဟာ ဘေးဘီကိုမကြည့် ၊ မြေကြီးကိုပဲစိုက်ကြည့်ရင်း လမ်းလျှောက်နေ တယ်။

Park Won-soon

မနေ့ညက တစ်ညလုံးတွေးပြီး သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်ခဲ့ပုံရ..။ စာတိုလေးကို အိမ်ကစားပွဲပေါ်မှာတင်ခဲ့..။

Park Won-soon

အဲ့ဒီနေ့က ဆိုးလ်မြို့တော်ဝန်ကြီး Park Won-soon ဟာ ဆိုလ်းမြို့၊ Seongbuk-gu က ဟွာလွန် ပန်းခြံ ( 와룡공원 ) အထိ တက္ကစီငှားတယ်။ ပြီးတော့ သူ …ဘူဂတ်တောင်ကြီး (Bugaksan Mountain-북악산) ထဲ ဝင်သွားတော့ တယ်။ သူသေတယ်။

ညနေ ၅ နာရီ ၁၇ မိနစ်မှာ ဆိုးလ်မြို့တော်ဝန်ကြီး ရဲ့သမီးက ၁၁၂ ရဲစခန်းကို အကြောင်းကြား ခဲ့ပြီး ရဲအရာရှိ ၇၇၀ ကျော်နဲ့ မီးသတ်သမားတွေ ၇ နာရီလုံးလုံး ပိုက်စိပ်တိုက်ပြီးရှာ ခဲ့တယ်။

ည ၁၂ နာရီ ဝန်းကျင်ရောက်တော့ သူ့ကိုပြန်တွေ့တယ်။ တောင်ကုန်းတစ်ခုပေါ်မှာ ခန္ဓာကိုယ် ရုပ်အလောင်းပဲကျန်ရစ်..။ စီးပွါးရေးကဒ်တွေ၊ လက်ကိုင်ဖုန်းနဲ့ စာရေးကိရိယာတွေက ဆိုးလ်မြို့တော်ဝန်ကြီး Park Won-soon နဲ့အတူ..။ တောင်ကြားထဲက သူ့ကို ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံရှိအရေးပေါ်လူနာဆောင် တံခါးကိုရောက်တော့ မနက် ၃ နာရီ ထိုးနေပြီ။

မြို့တော်ဝန်ကြီးကို စောင့်နေကြသူတွေက

“ မြို့တော်ဝန်ကြီး အိပ်ရာက ထပါတော့”

“ မြို့တော်ဝန်ကြီး ကို ချစ်တယ်”

“ မြို့တော်ဝန်ကြီးရယ် စိတ်မကောင်း ပါဘူး” ငိုယိုလိုက်ကြ တယ်။

အ ခုတော့ မြို့တော်ဝန်ကြီး က ဆိုးလ်အမျိုးသား တက္ကသိုလ်ဆေးရုံ ရင်ခွဲရုံမှာ လဲလျောင်းနေပေါ့..။

ဒီနေ့..။

တောင်ကိုရီးယား ပြည်သူတချို့မျက်ရည်စက်လက်ကျနေတယ် ။

“ငါ တို့ မင်းကို ချစ်တယ်” “ Park Won-soon သေဆုံးတာ စိတ်မကောင်းပါဘူး ” ဟုကြွေးကြော်နေကြ..။ ဆိုးလ်မြို့တော်ခန်းမရှေ့က Seoul Plaza မှာ ဆိုးလ်မြို့တော်ဝန်ကြီးရဲ့ ဈာပနကျင်းပနေတယ်။

“ ဒီနေ့ရယ်၊ မနက်ဖြန်ရယ် ည ၁၀ နာရီအထိ ဆိုးလ်မြို့တော်ဝန်ကြီးရဲ့ အသုဘကို သွားပြီး အလေးပြုလို့ရပါတယ် ” တဲ့။ ဆိုးလ်မြို့တော်ဝန်ကြီးကို လေးစားချစ်ခင်သေးရင်ပေါ့..။ အခုဆိုရင် ဆိုးလ်မြို့တော်ဝန် ကို ချစ်သူ၊ မုန်းသူ ဆိုပြီး တောင်ကိုရီးယားတို့ အဓိက အုပ်စု နှစ်အုပ်စု ကွဲကုန်ကြပြီ။

Park Won-soon

“ဒီလို လိင်စော်ကားတဲ့ လူရဲ့ အသုဘ ကို လူသိရှင်ကြားချစရာ မလိုပါဘူး။ မိသားစုက အမြန် အသုဘချ လိုက်တော့..”

ဆိုးလ်မြို့တော်ဝန်ကြီး ကို ရုံးခန်း အတွင်းရေးမှူး အမျိုးသမီးက ၂၀၁၇ ခုနှစ်က စပြီး လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခဲ့တ ယ်လို့ ဗုဒ္ဓဟူးနေ့က ရဲတိုင်ထားတာကိုး..။ အတွင်းရေးမှူး အမျိုးသမီး ကို “ လိင်စော်ကားမှု ” နဲ့ အတိုင်ခံရပြီးနောက်တစ်နေ့ (ကြာသပတေးနေ့) သူ တောင်တွေကြားထဲ ဝင်သွားတော့တာပဲ။ ပြည်သူတွေကို “ မြို့တော်ဝန် ကိုယ့်ကိုယ်ကို သတ်သေပြီ” ဆိုတဲ့ ထင်မြင်ချက်ကို ချက်ချင်းဖြစ်ပေါ်စေခဲ့..။

ဒီသတင်းဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးတင်မက တစ်ကမ္ဘာလုံး ပြန့်သွားခဲ့။ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဖြစ်တဲ့ ဆိုလ်းမြို့ကြီးရဲ့ မြို့တော်ဝန်ကြီးက?…။ မြို့တော်ဝန် ကိုယ့်ကိုယ်ကို သတ်သေတာဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတဲ့ ရှက်ဖွယ်လိလိ အကြောင်းအရာကြောင့်ဆိုတာဟာ တိုင်းပြည်ကို တုန်လှုပ်စေပါတယ်။

ဆိုးလ်မြို့တော်ဝန်ကြီး က…..?

မယုံနိုင်စရာ အဖြစ်အပျက် တစ်ခုပါပဲ။

သူ ဟာ ၁၉၈၀ ပြည့်နှစ်၊ စစ်အာဏာရှင်စနစ်ကာလ အတွင်း မှာ အမျိုးသမီးတစ်ဦး ကို အနှောက်အယှက်ပေး ခဲ့တဲ့ ဆိုးလ်တက္ကသိုလ် က ပါမောက္ခကို နောက်ဆုံးအထိ အနိုင်ယူ ထောင်ချပစ်နိုင် ခဲ့တဲ့ သမိုင်းဝင်ရှေ့နေကြီး..။ ဒါဟာ အမျိုးသမီးတို့ အခွင့်အရေး နည်းပါးတဲ့ တောင်ကိုရီးယား သမိုင်း မှာ လိင်စော်ကားတဲ့ အမှု ကို ပထမဆုံး အနိုင်ရ ခဲ့တာပဲ။

သူဟာ တောင်ကိုရီးယား အမျိုးသမီးထု ရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံ ရတဲ့ အမှုကိစ္စတွေ ကို အများကြီးကို ကူညီ ကာကွယ်ပေးသူ တစ်ယောက်တဲ့..။ ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က လိင်ကျွန်အဖြစ် အသုံးချခဲ့တဲ့ အမျိုးသမီးတွေ နစ်နာကြေး အခွင့်အရေးရဖို့ အတွက် အစွမ်းကုန်ဆောင်ရွက် ခဲ့သူ။

ဆိုးလ်မြို့တော်ဝန်ကြီး Park Won-soon ဟာ တောင်ကိုရီးယား မှာ ဒုတိယ အာဏာ အရှိဆုံးအရာရှိ လို့ ဆိုရအောင် ပြည်သူတွေက သမ္မတလောင်းလို့ အသတ်မှတ်ခံထား ရသူ..။ လန်ဒန် တက္ကသိုလ်၊ လန်ဒန်စီးပွားရေးနှင့်နိုင်ငံရေး သိပ္ပံကျောင်း မှာ နိုင်ငံတကာဥပဒေ ဒီပလိုမာရရှိခဲ့သူ..။ ဟားဗတ်တက္ကသိုလ်ရဲ့ ဥပဒေတက္ကသိုလ်က လူ့အခွင့်အရေး၊ သုတေသနအဖွဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ် ခဲ့ဖူးသူ..။

သူ လူငယ်ဘဝတုန်း က စစ်အာဏာရှင် စနစ်လို့လူအများကခေါ်ဝေါ် ခဲ့တဲ့ သမ္မတပါ့ခ်ချောင်ဟီးကို ဆန့်ကျင်ဆန္ဒပြတဲ့ အတွက် အဖမ်းခံခဲ့ရဖူးသူ…။ တောင်ကိုရီးယားမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမြှင့်တင်ပေးတဲ့ အဖွဲ့အစည်းများစွာ ကို တည်ထောင်ခဲ့ဖူးသူ..။

ဆိုးလ်မြို့တော်ဝန်ကြီး ဟာ လက်ရှိ သမ္မတနဲ့ အတူ ဆင်းရဲသားတွေဘက် က အလုပ်တွေအများကြီး လုပ်ခဲ့တယ်။ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အလုပ်တွေ ပင်ပင်ပန်းပန်း အများဆုံး လုပ်နေခဲ့တဲ့ ခေါင်းဆောင်တစ်ဦး..။

Park Won-soon

ဆိုးလ်မြို့တော်ဝန်ကြီး က နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းတွေကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပြည်သူ့စည်းလုံး ညီညွတ်ရေး အတွက် အလုပ်တွေ အများကြီးလုပ်ခဲ့။

ဒီလို တိုင်းပြည် က အားကိုးရသူ တစ်ဦးက ..?

မြို့တော်ဝန်ရုံးခန်း က အမျိုးသမီး တစ်ဦး ကိုလည်း ကိုယ်ထိ လက်ရောက်စော်ကားခဲ့ဖူးသူ လည်း ဖြစ်ခဲ့တယ်..။ အမည်းစက်..။

လူ့သဘာဝ အရ .. တချို့လူတွေကလည်း အဲ့ဒီအမည်းစက်ကြီးကိုပဲမြင်ကြတယ်။ တချို့လူတွေကလည်း အမည်းစက်ကြီးကိုဖယ်ကြည့်ပြီး ကျန်တဲ့ အပိုင်းကိုပဲမြင်ကြပြန်တယ်။

တောင်ကိုရီးယား မှာ အုပ်စုတွေ ကွဲတော့တယ် ။

အတွင်းရေးမှူးအမျိုးသမီး ရဲ့ “လိင်စော်ကား” တယ်ဆိုတဲ့ တိုင်ကြားချက် က ဘယ်အထိ စော်ကားတာလဲ..။

sexual harassment ဆိုတာ မုဒိမ်းကျင့်တာမျိုး မဟုတ်ပါ ။ အမျိုးသမီး ရဲ့ ခန္ဓာကိုယ် ကို ကိုယ်ထိ လက်ရောက် ကိုင်တွယ်တယ် လို့ အမျိုးသမီးက ဆိုလိုပါတယ်။

အမျိုးသမီး က သက်သေ နဲ့တကွ တိုင်ကြားခဲ့ တာပါ။

သမ္မတ မွန်းတက်လာပြီး နှစ်တွေ မကြာသေးပါဘူး MeToo လှုပ်ရှားမှုဟာ တောင်ကိုရီးယားနိုင်ငံ တစ်ဝန်း မှာ ပျံ့နှံ့သွားတယ် ။

လက်ရှိ သမ္မတမွန်း ဟာ MeToo လှုပ်ရှားမှုကို ထောက်ခံခဲ့..။ အဲ့ဒီမှာ အညံ့မခံ လိုတဲ့ မိန်းကလေးတွေရှေ့ထွက်လာတယ် ။ ခံစားခဲ့ရတာတွေ ပြောရဲဆိုရဲ ဖြစ်လာကြတယ်။

ရုပ်ရှင်ဒါရိုက်တာတွေ၊ အနုပညာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ တက္ကသိုလ် ပါမောက္ခတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အားကစားနည်းပြတွေ..

ပြည်သူတွေ မသိခဲ့တဲ့ အမှောင်ထဲက ဇာတ်လမ်းတွေ တိုင်းပြည်ကို လှုပ်ခါခဲ့..။

စွပ်စွဲခံရသူ အများစုက တောင်းပန်ကြ..။

ရာထူး က နုတ်ထွက်ကြ ၊ ထောင်ချ..အပြစ်ပေးခံကြရ။

အပြစ်ရှိ လို့ ရှက်ကြောက်ပြီး မိမိကိုယ် ကို သတ်သေတဲ့ လူတွေရှိနေ သလို ခပ်ပြုံးပြုံး နဲ့ ဥပဒေ ကို လက်တစ်လုံးခြားလုပ်နေတဲ့သူတွေလည်း အများကြီးပါပဲ။

တောင်ကိုရီးယားမှာ မှ မဟုတ်ပါဘူး ။ နိုင်ငံတိုင်းမှာပါ။

မကြာသေး တဲ့ ဧပြီလတုန်းက တောင်ကိုရီးယား ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘူဆန်မြို့တော်ဝန်ကြီး( Busan’s mayor Oh Keo-don ) လည်း သူဟာ ပြည်သူတွေ လက်မခံနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူတွေ ကိုပြုလုပ်မိတယ် ဆိုတာ ဝန်ခံခဲ့သေး..။

အခု ဆိုးလ် မြို့တော်ဝန်..။

၂၀၁၈ ခုနှစ်..။

ဒီမိုကရက်တစ်ပါတီ က Ahn Hee-jung လည်း မိန်းကလေးကို စော်ကားဖူးတော့ ရာထူးနုတ်ထွက် ခဲ့သေး။

မုဒိမ်းမှု၊ ထောင်ဒဏ်သုံးနှစ် ခွဲ။

ဒီနေ့ (စနေနေ့မနက် ၉ နာရီ) မြို့တော်ဝန်ကြီးရဲ့ ဈာပနကို ပြည်သူတွေပါဝင် မဆင်နွဲကြဖို့ လက်မှတ်ရေး ထိုးဆန့်ကျင်တဲ့ တရားဝင်အသနားခံစာကို လက်မှတ်ရေးထိုးတဲ့ လူပေါင်း ၃၄၄၀၀၀ ကျော်နေတ ယ်။

တစ်ဖက်ကလည်း မြို့တော်ဝန်ကြီး ရဲ့ ဈာပနကို ပြည်သူတွေပါဝင်ဆင်နွှဲခွင့်ရကြဖို့ လက်မှတ်ရေးထိုးကြ..။

တိုင်းပြည်က အုပ်စုတွေ ကွဲသွားကြ..။

OECD data အရ တောင်ကိုရီးယားနိုင်ငံဟာ ကိုယ့်ကိုယ်ကိုသတ်သေမှုအမြင့်ဆုံး နိုင်ငံဖြစ်တယ်။တောင်ကိုရီးယားက နိုင်ငံရေးသမားတွေဟာ လူအများရှေ့အရှက်ကွဲတာထက် မိမိတို့ဘဝကိုအဆုံးစီရင်ဖို့ ရွေးချယ်တတ်ကြတယ်။

၂၀၀၉ ခုနှစ်..

မိသားစုဝင်တွေက လာဘ်ယူတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သမ္မတကြီး Roh Moo-hyun က မိမိကိုယ် ကိုသတ်သေခဲ့..။

၂၀၁၈ ခုနှစ်..

ထင်ရှား တဲ့ လစ်ဘရယ်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ Roh Hoe-chan လည်းအဂတိလိုက်စားတဲ့ အမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ကိုယ်သူသတ်သေခဲ့..။ရဲအရာရှိတွေက မြို့တော်ဝန်ကြီး ဘယ်လို ဘယ်ပုံသေဆုံးနေတယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိ။ မြို့တော်ဝန်ကြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တော့ အတွင်းရေးမှူးအမျိုးသမီးရဲ့ တိုင်ချက်ကို အမှုဆက်ဖွင့်လို့မရတော့။

အမှုက အလိုလိုပြီးသွားခဲ့ ။ ဒါတောင်ကိုရီးယား ရဲ့ ဥပဒေဖြစ်ပါတယ်။ မြို့တော်ဝန်ကြီးက ရှေ့နေဆိုတာ မမေ့ပါနဲ့။ သူ ဒီကိစ္စကို ဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့..။ မိန်းမနှိမ်၊ မိန်းမမုန်း (misogynist culture ) ရှိတဲ့ တောင်ကိုရီးယားဟာ မြို့တော်ဝန်ကြီး ကို ရဲတိုင်တဲ့ အမျိုးသမီး ကိုလည်း ဝေဖန်ပြောဆိုကြပြန်တယ်။

Park Won-soon

ဒါဟာ နောက်ထပ် ကိုယ့်ကိုယ်ကို သတ်သေမှု ဖြစ်လာနိုင် တယ်။ သာမည မိန်းကလေးတစ်ယောက် ရဲ့ ဘဝ ၊အသက် နဲ့ အရှက်ကလည်း အရေးကြီးတယ်။

ပြည်သူတွေအားကိုးရတဲ့ မြို့တော်ဝန်ကြီးလည်း အရေးကြီးတယ်။ လိင်စော်ကားမှုတွေ မဖြစ်ဖို့လည်း အရေးကြီးတယ်မဟုတ်ပါလား။

‘ဒီအမှုကို ထပ်စစ်ရမယ်။’

‘သဘောမတူဘူး။ ဒီအမှုကို ဆက်မစုံစမ်းပါနဲ့တော့။’

‘အမျိုးသမီးက မတရားစွပ်စွဲတာ မဟုတ်ဘူးလား။’

‘မဟုတ်ရင် ကိုယ့်ကိုယ်ကို သတ်သေပါ့မလား။’

‘ သတ်သေတာရော ဟုတ်ရဲ့လား။ တစ်ယောက်ယောက်က သတ်သေဖို့ အတင်းအကျပ်တိုက်တွန်းခဲ့တာလည်း ဖြစ်နိုင်တာပဲ’

ငြင်းကြ၊ခုန်ကြ၊ အိမ်ပြာတော်ကို စာတင်ကြ..။

လက်ရှိ အစိုးရပါတီဘက် က (ruling party) မျက်ရည်ကျကြ..။ လက်ရှိ အစိုးရ ဆန့်ကျင်ပါတီဘက်က (opposition party) လှောင်ပြောင်ကြ..
ဒေါသဖြစ်ကြ..၊ နိုင်ငံရေးသမားတွေ အမျိုးမျိုး..။

ရှက်ခြင်း၊ ဝမ်းနည်းခြင်း၊ ယူကြုံးမရခြင်း၊ ကူကယ်ရာမဲ့ခြင်း၊ အံ့ဩခြင်းစ တဲ့ ခံစားမှုများစွာ နဲ့ ပြည်သူတွေ ကျန်ရစ်ခဲ့..။

မြို့တော်ဝန်ကြီး ကတော့ ဆိုလ်းမြို့ ကို အဲ့ဒီလို ထားခဲ့ပေါ့..။

မရွှေမိုး ( ကိုရီးယား )
July 11th,2020.

References

[정치人싸] 박원순 서울시장 사망 / 최강욱이 국정농단? 원희룡이 억지부린 진짜 이유 – 김태현, 현근택, 신장식, 이준석 & 허일후

“설마”하며 서울시청 지키던 직원들…박원순 사망 소식에 “당혹” / YTN

How the dramatic death of Seoul’s mayor left a country divided
By Yoonjung Seo and Julia Hollingsworth, CNN

Seoul Mayor Is Found Dead After Harassment Complaint Is Filed

By Choe Sang-Hun
July 9, 2020
New York Times

Add a Comment

Your email address will not be published. Required fields are marked *