အပြင်မှာ သောင်းဂဏန်းပေး ဝယ်ရတဲ့ ပန်းသီးရှာလကာရည် ကို ထောင်ဂဏန်းမျှဖြင့် ပြုလုပ်နည်း

အခုဖော်ပြပေးမည့် ဆေးဖက်ဝင် ပန်းသီးရှာလကာရည် ပြုလုပ်ပုံ ပြုလုပ်နည်း အကြောင်းကို မိတ်ဆွေတို့ ဖတ်ဖြစ်အောင် ဖတ်ပါ၊မှတ်ဖြစ်အောင် မှတ်ပါ၊ ကိုယ်တိုင် လက်တွေ့ကျကျ လုပ်ဖြစ်အောင်လည်း ပြုလုပ်ကြပါ။

ပန်းသီး ရှာလကာရည်ဟာ အဖက်ဖက်ကဆေးဘက်ဝင်ပြီး ပြင်ပဆိုင်တွေမှာ ဝယ်ယူရင်ဖြင့် တစ်ပုလင်းကို မြန်မာကျပ်ငွေဖြင့် သောင်းဂဏန်းမျှ ပေးဝယ်ရပါတယ်။ အခု ကျွန်တော်ပြောပြသလို သာပြုလုပ်ပါ ထောင်ဂဏန်းမျှသာ ကျသင့်ပါလိမ့်မယ်။

အရင်အဦးဆုံး အော်ဂင်းနစ် (Organic) ပန်းသီး အကြွပ်သီး (၃) လုံး ဝယ်ယူပါ။

Organic ပန်းသီးဆိုတာက ဓာတုဆေးဝါးတွေဖြင့် အသုံးပြုထားခြင်းမရှိပဲ သဘာဝမြေသြဇာဖြင့် စိုက်ပျိုးရရှိထားသည့် ပန်းသီးကို ဆိုလိုပါတယ်။ယနေ့ခေတ်မှာ မည်သည့်အရာမဆို အသီးကြီးအောင်၊ အမြန်မှည့်အောင် အရမ်းချိုအောင် ဓာတုဆေးဝါးတွေကို ထိုးသွင်းပြီး ပြုလုပ်ဖန်တီးလာကြပါတယ်။ ပန်းသီးမှာ အကြွပ်သီး အပွသီးဆိုတာရှိပါတယ်။ အကယ်၍ အော်ဂင်းနစ် ပန်းသီး မရရှိပါက ဈေးမှဝယ်ယူလာသော ပန်းသီးကို ရေဖြင့်ကြာကြာ စိမ်ထားလိုက်ပါ။

၎င်းပန်းသီးကို လေးစိပ်လေးမွှာ ထက်ခြမ်းခွဲ စိပ်မွှာပြီး ဝင်ဆံ့မည့် ဖန်ပုလင်းထဲ၌ ထည့်ပါ။ အခွံခွာစရာမလိုပါ ပန်းသီးကို ဖျော်ရည်စက်ဖြင့် ကြိတ်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

ဖန်ပုလင်းထဲ၌ ထည့်ထားသော ပန်းသီးထဲသို့ သကြားအညို (သို့) သကြားဖြူ လက်ရည်ဇွန်းဖြင့် (၃) ဇွန်းခန့် ထည့်၍ ရေ (၈၀၀ မီလီလီတာ) ဖြင့် ရောစပ်ပြီး (၂) ပတ်ခန့် ကြာအောင် ပိတ်စထူထူဖြင့် ပုံပါအတိုင်းစည်း၍ အလင်းရောင်မရှိသော မှောင်သော နေရာ၌ ချထားပါ။

(၂) ပတ်ခန့်မျှ ကြာသောအခါ၌ ၎င်းဖန်ပုလင်းကို ဖွင့်ဟပြီး အတွင်း၌ အမြုပ်ထနေသော ပန်းသီးအရည်များကို အဝတ်စ၊ ပိတ်စသန့်သန့်ဖြင့် အခြားပုလင်းထဲသို့ စစ်ယူပြောင်းထည့်ပါ။

စစ်ယူ ပြောင်းထည့်ထားသော ဖန်ပုလင်းကို ပိတ်စထူထူဖြင့် အရင်လိုပြန်စည်းပြီး ၄-၅ ပတ်ကြာအောင် မှောင်သော နေရာ၌ ပြန်ချထားပါ။

၄-၅ ပတ်ခန့် ကြာသောအခါ၌ မိမိတို့လိုချင်တဲ့ ပန်းသီးရှာလကာရည် စစ်စစ်ကို ရရှိပြီ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်ဟာ မန်ကျည်းသီး အချဉ်မှ ရရှိတဲ့ ဓာတ်ထက် ပိုမိုပြင်းပြပြီး မန်ကျည်းသီး ဖျော်ရည်ဟာ အက်ဆစ်ဓာတ် (Acid) ဖြစ်၍ ပန်းသီးရှာလကာရည်ဟာ PH levels 7 ထက်ပိုသော အယ်လကာလီ (Alkaline) သတ္တိများစွာ ပါဝင်ပါတယ်။

ဒါ့ကြောင့် ပန်းသီးရှာလကာရည်ကို မဲ့စို၊ မဲ့ခြောက်၊ ဝက်ခြံ၊ တင်းတိပ်၊ ပွေး၊ ဝဲ၊ ညှင်း၊ ဝဲနှင်းခူ၊ ဘောက်ထခြင်းနှင့် မျက်နှာပြင်ပေါ်က အမဲစက်များ ပျောက်ကင်းနိုင်သည့်အပြင် အခြားအခြားသော နေရာများ၌ အသုံးဝင်ပါကြောင်း ရေးသား ဖော်ပြလိုက်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *