ဗမာကြက်မျိုးစပ် တိုက်ကြက် တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်

ဗမာကြက်မျိုးစပ် တိုက်ကြက် တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an တိုက်ကြက်မွေးမြူရေးခြံမှ ၁၆ လသား တိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (ကျပ်သိန်း ၃၉၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းကြက်မှာ ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိ စံချိန်ရရှိထားသည်။

ခြံပိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ချွန်ဂျစ်သည် အလေးချိန် ၂ ဒသမ ၆ ကီလိုဂရမ်ရှိ ၎င်းကြက်ကို ဘတ် ၈ သောင်းဖြင့် ဝယ်ယူခဲ့ခြင်ဖြစ်ပြီး သုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်ဖိုးမြင့်တက်လာခဲ့ရာ ဝါသနာအိုးတဦးက ဘတ် ၅ သိန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းပမာဏကို ချွန်ဂျစ်က ပယ်ချလိုက်ပြီးနောက် ဘတ် ၁ သန်းဖြင့် ထပ်မံ ကမ်းလှမ်းရာမှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

”သူ့ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကြိုက်သွားတယ်။ ဒုတိယပွဲဆိုရင် ၁၆ မိနစ်နဲ့ အနိုင်ရခဲ့တာ။ အဲဒီ ကတည်းကဝယ်ချင်တာ” ဟု ဝယ်လက် အသက် (၃၀) အရွယ် စဝ်စံနံတက ပြောသည်။

ယခုတိုက်ကြက်ကို ဆက်လက်၍ ပွဲသွင်းဦးမည်ဖြစ်သော်လည်း ဝယ်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သားဖောက်ရန်ဖြစ်ကြောင်း၊

၎င်းထံတွင် ဘတ်လေးသန်းတန် မြန်မာတိုက်ကြက်မျိုးစပ် တကောင်လည်းရှိ၍ ၎င်းတိုက်ကြက်မှ ပေါက်ဖွားသည့်ကြက်မများနှင့် သားဖောက်မည်ဖြစ်ကြောင်း စဝ်စံနံတက ပြောသည်။

အဆိုပါ တိုက်ကြက် အရောင်းအဝယ်ပွဲသို့ ကြက်တိုက် ဝါသနာအိုး အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်ဟုဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *