“သားသမီး ကို ဆရာဝန် ဖြစ်စေ ချင်တဲ့ မိဘ များ အတွက် ဆရာဝန် တစ်ယောက် ရေး တဲ့ စာ ”

၁၀ တန်းစာမေးပွဲ အောင် စာရင်းကလဲ ပူပူနွေးနွေး ထွက်ထား တာမို့ ဒီအချိန်မှာ ဆယ်တန်းအောင်ခါစ လူငယ်တွေ ဘာလုပ်ရ မလဲ စဉ်းစားနေတဲ့ အချိန်၊ သူတို့ရဲ့ မိဘတွေ အနေနဲ့ ကလေးတွေကို ဆရာဝန် လုပ်ဖြစ်အောင် တိုက်တွန်းမလား မတိုက်တွန်းဘူးလား စဉ်းစားနေမယ့် အချိန်လို့ ထင်တာပဲ။မြန်မာပြည်မှာ ကတော့ ဆေးကျောင်းတက် ဆရာဝန် လုပ်မယ် ဆို အဓိကရွေးစရာနှစ်လမ်း ရှိမယ်။ တပ်မတော် ဆေးတက္ကသိုလ် (မင်္ဂလာဒုံ)နဲ့ အရပ်ဖက်မှာဆို ဆေး(၁) နဲ့ ဆေး(၂)က ရန်ကုန်မှာ၊ ပြီးရင် မန္တလေး၊ မကွေး၊ တောင်ကြီးဆိုပြီး ဆေးတက္ကသိုလ် ၅ ခုရှိမယ်။

အရေးအကြီးဆုံး ကတော့ ထုံးစံအတိုင်း ဆေးကျောင်း ဝင်ခွင့် အမှတ်မှီရမယ်ပေါ့။ မိန်းကလေးတွေ က အမှတ်ပိုမြင့်မယ်။ ယောကျာင်္းလေး အမှတ်က နိမ့်တယ်။ ကျန်းမာရေးဝန်ကြီး ဌာနက ယောကျာင်္ားလေး ပိုလိုခြင်လို့။ နယ်ပို့လို့ကောင်း ဒူပေဒါပေ ခိုင်းရတာပေါ့။ ကျွန်တော်တို့ခေတ် ကတော့ အမှတ်အတူတူပဲ။ အဲ့ခေတ်က ဆေး(၁) ဆေးကျောင်းသား ၂၅၀ ခေါ်တာ ယောကျားလေး က ၆၀ လောက်ပဲပါတယ်။ မိန်းကလေး က ၁၉၀ လောက်။ မိန်းကလေးတွေက စာပိုကျက်နိုင်တာကြောင့် ဖြစ်မယ်။

ဆေးကျောင်း အမှတ်မှီလောက်မယ် ထင်ရင် ဆရာဝန်လုပ်မလား မလုပ်ဘူးလား စဉ်းစားပေါ့လေ။ ကျွန်တော်ကတော့ လုပ်လို့လဲ မတိုက်တွန်းသလို မလုပ်ပါနဲ့လို့လဲ မတားပါဘူး။ စဉ်းစားရမယ့် အချက်အလက်လေးတွေပဲ ပြောပြပေးသွားပါ့မယ်။ ကောင်းကျိုး ဆိုးကျိုးလေးတွေပေါ့။ ဆယ်တန်းအောင်ခါစ လူငယ်အများစု အနေနဲ့ကတော့ ဆရာဝန် ကို ဝါသနာပါလှချည်ရဲ့ ဆေးပညာကို ရူးသွပ်လှချည်ရဲ့ဆိုတဲ့သူကတော့ တကယ့်ကို လူနည်း စုလေးပဲ ဖြစ်မှာပါ။ ဒီအချိန်မှာ တကယ်လဲ များများမသိနိုင်သေးပါဘူး။ အများစုက ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးပါပဲ။ ထုံးစံအတိုင်း ဆေးကျောင်းတက်ရရင်ပဲ ဂုဏ်ယူစရာတစ်ခုအနေနဲ့ စတက်ဖြစ်ကြပြီး နောက်ပိုင်းမှ ကိုယ်ဘာကို စိတ်ဝင်စားလဲ သိကြရတာများပါတယ်။

တက်သင့်တဲ့ အကြောင်းအနေနဲ့ကတော့

မြန်မာပြည်က ဆေးကျောင်းဟာ ကမ္ဘာ့မှာ ဈေးအ သက်သာဆုံးနဲ့ ဆရာဝန် ဖြစ်မယ့် နည်းလမ်းဖြစ်တယ်။ ဆေးကျောင်းတွေက မြို့ဆင်ခြေဖုံတွေမှာ မဟုတ်ဘဲ မြို့လယ်ကောင်တွေ မှာဆိုတော့ ဘာပဲပြောပြော ဆေးကျောင်းသားဘဝက သာယာတယ်။ တက္ကသိုလ်ကျောင်းသားနဲ့ တူတယ်။

ဆေးကျောင်းက သင်ကြားပုံနဲ့ စဉ်းစားတွေး ခေါ်ပုံတွေဟာ အများကြီးလက်တွေ့ဆန်ပြီး ပွင့်လင်းတာကြောင့် ဆရာဝန်မလုပ်တောင် ဒီစဉ်းစားတွေးခေါ် နည်း တွေက လက်တွေ့ဘဝမှာ အများကြီး အသုံးဝင်တယ်။ အနောက် တိုင်း ဆန်တဲ့ တွေးခေါ်မှုကို အားပေးတယ်။ ဘယ်သူတွေ ဘာပြောပြော ဆေးကျောင်းက ဆရာတွေနဲ့ ဆေးလောကဟာ နိုင်ငံတကာအတွေ့အကြုံအများဆုံးရှိပြီး အတွေးအခေါ်မြင့်မားတဲ့ လွတ်လပ်တဲ့ ပညာတတ် အသိုင်းအဝိုင်းမှာ သင်ယူခွင့်ရမှာတော့ အမှန်ပဲ။

ဆရာဝန် ဖြစ်ရင် တကမ္ဘာလုံးက ဆရာဝန်အဖြစ် အသိအမှတ် ပြုတယ်။ နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်ချင်ရင် ဆေးကောင်စီလိုင်စင် စာမေးပွဲ ပြန်ဖြေလို့ အောင်ရင် ရပြီ။ ဘယ်နိုင်ငံ ကမှ ဆေးကျောင်းကို တစ်ကစ ပြန်မတက်ခိုင်းဘူး။ မြန်မာဆေးကျောင်းကို အသိအမှတ်မပြုဘူးဆိုတာ မဟုတ်ဘူး။ လိုင်စင် စာမေးပွဲဆိုတာ ဘယ်နိုင်ငံက ဘာကြီးဖြစ်ဖြစ် ဆရာဝန်အငယ်ဘဝမှာ လူတိုင်း ဖြေရမှာပဲ။ ဆိုလိုတာက မြန်မာ့ဆေးကျောင်းသည် နိုင်ငံတကာနဲ့ တန်းတူပဲ။

ဒီမှာဆရာဝန်လုပ်ရင်သာ လခနဲတာ၊ နိုင်ငံခြားသွားလုပ်ရင် အလုပ်ရတာနဲ့ ဒေါ်လာ လေးငါးထောင်ကတော့ ပြေးမလွတ်ဘူး။ အောက်ထစ် အဲ့လောက်နဲ့ စကြတယ်။ တခြားအလုပ်တွေက စစချင်းမှာ ဆရာဝန်လောက်တော့ သာမန်အားဖြင့် လခမကောင်းတာ အမှန်ပဲ။ ကိုယ်က နိုင်ငံခြားမှာ ဆက်လုပ်သွားလို့ အတိုင်ပင်ခံ consultant ဖြစ်ပြီဆိုရင်တော့ အများအားဖြင့် လခက ဒေါ်လာသောင်းကျော်မယ်။

မြန်မာပြည်မှာ ဆရာဝန် ဆက်လုပ်ရင်လဲ အစပိုင်း ရုန်းကန်ရပေမယ့် specialist ဖြစ်လာရင်တော့ နိုင်ငံခြားလောက် မရသည့်တိုင် သာမန်အထက်ကတော့ ရပါတယ်။ ကိုယ်က သိပ်ကိုထူးချွန်နာမည်ကြီးရင်တော့လဲ တစ်လကို သိန်း ရာနဲ့ချီ ရနိုင်ပါတယ်။ ဒါကတော့ အနည်းစုပေါ့။ အနည်းဆုံး သာမန်ထက်တော့ သာပါတယ်။ ဆရာဝန်ပေါက်စလဲ အပြင်ဆေးရုံ၊ ဆေးကုမ္ပပဏီ၊ INGO မှာလုပ် ဆယ်သိန်းကတော့ အေးဆေးရပါတယ်။ အစိုးရကသာ နှစ်သိန်း ခုနှစ်သောင်း ထင်တယ်။

ကျင့်ဝတ်နဲ့ ညီညီအေးအေး ဆေးဆေးသာ အလုပ်ကို စေတနာ ပါပါနဲ့လုပ်။ ဘယ်လိုဖြစ်ဖြစ် သာမန်အထက်ပဲ။ မဆင်းရဲပါဘူး။ အလုပ်က အာမခံချက်ရှိတယ်။ တခြားဝန်ထမ်းအလုပ်နဲ့ မတူဘူး။ အစိုးရ ရာထူးမရှိလဲ ဆရာဝန်ပညာရပ်ကတော့ သင့်ဆီမှာပဲ။ ပညာရွှေအိုး လူမခိုးပေါ့။ အဲ့တာကြောင့် ဆရာဝန်တွေက အစိုးရတွေကို မကြောက်ကြတာ၊ အလုပ်ပြုတ်မှာ မကြောက်ကြတာ။ ဆရာဝန်ဘဝက အသိုင်းအဝိုင်းကြီးမားကျယ်ပြန့်တယ်။ အဲ့တာကလဲ လူ့ဘဝ ရဲ့ ကြီးမားတဲ့ အထောက်အပံ့ပဲ။

မကောင်းတဲ့ အကြောင်းတွေကရော။

လုံးဝ ဝါသနာမပါပဲ လုပ်မိရင် လူပင်ပန်း စိတ်ပင်ပန်းလွန်းတယ်။

ဆေးပညာ ကို စိတ်မဝင်စားပဲ လုပ်မိရင် အရာရာကို စိတ်ဆင်းရဲစရာလို့ ထင်မိပြီး လူငယ်ဘဝ အကောင်းဆုံးအချိန်တွေကို စိတ်ဆင်းရဲစွာ စာအုပ်နဲ့ ဖြတ်သန်းရတတ်တယ်။ အခါခါကျ စိတ်ဓါတ်ကျ ကျောင်းထွက်ရသူ မရှားဘူး။ ရူးသွားတဲ့သူလဲ အတန်းတိုင်း ရှိတတ်တယ်။ နဂိုကတဲက စိတ်မဝင်စားတာကြောင့် ဆရာဝန်ဖြစ်သည့်တိုင် ပေါက်ပေါက်မြောက်မြောက်ဖြစ်ဖို့ ခဲယဉ်းတယ်။ မအောင်မြင်တဲ့ ဆရာဝန်ဘဝ တပိုင်းတစနဲ့ အဆုံးသတ်ရနိုင်တယ်။

ဆရာဝန် ရဲ့ ပညာကို ရင်းနှီးမြုပ်နှံရမှု လမ်းကြောင်းက နှစ်ဆယ်နဲ့ချီပြီး ကြာတယ်။ လွယ်လွယ်နဲ့ အရင်းပြန်မရဘူး။ တကယ် စိတ်မပါရင် အဲ့ဒီလို ရှည်ရှည်ရင်းဖို့ ခက်လိမ့်မယ်။ အမြဲရောဂါပေါင်းစုံက ကိုယ့်ပတ်လည်မှာမို့ သန့်သန့်ပြန့်ပြန့် ကျော့ကျော့လေး နေချင်သူတွေ သိပ်အဆင်မပြေလောက်ဘူး။ ရောဂါကူးစက်မှု အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ပဲ။

ဆရာဝန်ဘဝက အိပ်ရေးဝဖို့၊ အအိပ်အစားမှန်ဖို့၊ အေးအေး ဆေးဆေး ကိုယ်ပိုင်အချိန်နဲ့ နေရဖို့ မလွယ်ဘူး။ စဝင်ပြီဆိုတာနဲ့ ကိုယ်ရေးကိုယ်တာတွေ မေ့လိုက်တော့။ အချိန်တွေကို သင်မပိုင်တော့ဘူး။ မြန်မာပြည် ဆရာဝန်ဘဝက ပိုဆိုးတယ်။ အလုပ်နှစ်ဆလုပ်ရမယ်။ အစိုးရ ဆေးရုံက ပညာရဖို့။ ပုဂ္ဂလိကဆေးရုံက ထမင်းစားဖို့။ မိသားစုအချိန်ဆိုတာ နည်းပါးလွန်းတယ်။

တခြားသာမန်သူထက် ဆရာဝန် အလုပ်ချိန်က ၂ဆများမယ်။ ဆရာဝန်ဆိုတာ အမြဲသင်ယူနေ၊ စာမေးပွဲဖြေနေရမယ်။ အသက် သုံးဆယ်ကျော် အထိတော့ အမြဲ စာမေးပွဲရှိတယ်။ အဲ့ ဖိစီးမှုတော့ ခံနိုင်ရမယ်။ ဆရာဝန်ဖြစ်ရင် အောင်မြင်တာ မဟုတ်သေးဘူး။ အခုမှ စမှာ။ လမ်းက အရှည်ကြီး။ ဆုံးအောင်မလျှောက်နိုင်ရင် စခဲ့တာ မတန်ဘူး။ တခြားရည်မှန်းချက် ကြီးကြီးမားမား အမှန်တကယ်ရှိရင် ဂုဏ်သိက္ခာတစ်ခုအတွက် ဆေးကျောင်းတက်ပြီး အချိန်မဖြုံးသင့်။

ဆေးကျောင်းပြီးရင် လုံးဝဆရာဝန်မလုပ်ဘူး စဉ်းစားထားရင်လဲ မတက်တာအကောင်းဆုံးပါပဲ။ ကိုယ်လဲ အကျိုးမရှိ ပင်ပန်းသလို တခြားတကယ် ဆရာဝန်လုပ်ချင်သူ တစ်ယောက်လဲ ကိုယ့်နေရာ လှူဒါန်းရတာပေါ့။ အရမ်းချမ်းသာအောင် ကြိုးစားဖို့ စိတ်ကူးရှိရင် ဆရာဝန်ဘဝနဲ့ ချမ်းသာအောင် ကြိုးစားဖို့မလွယ်။ သာမန်အထက်လောက်ပဲ ရမယ်။ ကျိကျိတက် ချမ်းသာဖို့တော့ မလွယ်ဘူး။

လူရိုသေရှင်ရိုသေ အသက်သခင်ကျေးဇူးရှင် လုပ်မယ်လဲ စိတ်မကူးနဲ့။ အဲ့တာ ရုပ်ရှင်ထဲမှာ။ အပြင်မှာ မဟုတ်ဘူး။ အန္တရာယ်ကင်းအောင် မနည်းလုပ်နေရတာ။ အဲ့တော့ ဆယ်တန်းမှာ ဆေးကျောင်းအမှတ်မှီမယ့် ဆရာဝန်အလောင်း အလျာများနဲ့ မိဘများ အနေနဲ့ စဉ်းစားနိုင်အောင်လို့ပါ။ ဘယ်အလုပ် ဘယ်အရာမှ ကောင်းတယ် ဆိုးတယ်ဆိုတာ မရှိပါဘူး။

တကယ် အရေးအကြီးဆုံးက ကိုယ့်အလုပ် ကိုယ့်ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်ဖို့ နဲ့ ကိုယ့်ရဲ့ အလုပ်ကို တဖက်ကမ်းခတ် ကျွမ်းကျင်သူတွေသာ ဘဝမှာ အောင်မြင်ကြတာပါ။ ဆယ်တန်း အမှတ်မများလို့လဲ ဘာမှမဖြစ်ပါဘူး။ ကိုယ်ရွေးတဲ့လမ်းသာ ကျွမ်းကျင် အောင်လုပ်ပါ။ ဘောလုံးသမားကအစ ဝပ့်ရှော့ဆရာအဆုံး တကယ်တဖက်ကမ်းခတ် ကျွမ်းကျင်ရင် အောင်မြင်တာပါပဲ။ ဆရာဝန်ဖြစ်မှ ဆယ်တန်းအမှတ်များမှ အောင်မြင်တာ မဟုတ်ပါဘူး။ ဘဝမှာ ပျော်ရွှင်အောင်မြင်မှုဆိုတာ ကိုယ့်စိတ်ပါ။ ဘယ်သူကမှ လာဆုံးဖြတ်တာ မဟုတ်ပါဘူးဗျာ။

အားလုံးအောင်မြင် ပျော်ရွှင်ကြပါစေ။

drmyothetaung

Drmyo

Add a Comment

Your email address will not be published. Required fields are marked *