“လတ်တလော ခေတ်စားနေ တဲ့ လိမ်နည်း (၂) မျိုး”

တစ်နေ့က ဖြူးကို ကိစ္စလေး ရှိလို့ အမြန်လမ်း ကနေ အသွား ဘုန်းဘုန်း တစ်ပါး နေပူကြီးထဲ လမ်းဘေးမှာ ကားစောင့်နေတာ တွေ့လို့ ကားရပ်ပေးလိုက်တယ်.. (ကားက ကျွန်တော့်အသင်းက Ambulance ကားပါ..)

“ဘုန်းဘုန်း…ကားစောင့်နေတာလား..” ဆိုတော့ ကား ကို တစ်ချက် ကြည့်ပြီး အိုးတို့ အန်းတမ်းနဲ့ ဟုတ်တယ်တဲ့.. “ဘယ်ကြွ မလို့လဲ ဘုရား..” “ဒကာလေးက ဘယ်သွားမှာလဲ..” “ဖြူး..ကိုသွားမလို့ဘုရား..” “ဥူးဇင်းက တောင်ငူကြွမှာ.. သွားသွား..ဒကာလေး..” “ရတယ်ဘုရား..တပည့်တော်က ဖြူးမှာ ခဏရယ်..တောင်ငူ ချက်ခြင်းသွားမှာ.. လိုက်ခဲ့..” (အမှန်က တောင်ငူသွားစရာအကြောင်းမရှိပါ.. တမင် ပြောတာ..) “သွားပါ..ဒကာလေး..ရတယ်..ရတယ်. မလိုက်ဘူး.. .” ဆိုပြီး အနားကနေ ချာခနဲ ထွက်သွားတယ်.

နေထိုင်ရာ ဖဒိုမြို့က အမြန်လမ်းဘေးမှာ ရှိနေတာကတစ်ကြောင်း အမြန်လမ်းကို ဖန်တစ်ရာတေအောင် Ambulance အသုံးပြုရတာကတစ်ကြောင်း လမ်းဘေးမှာ မကြာခဏကားတားစီးတဲ့ ရဟန်းသံဃာများနဲ့ ဆုံရတတ်ပါတယ်.. တွေ့တိုင်း ကျွန်တော်လမ်းကြုံ တင်တယ်.. ရိုးရိုးသားသား လမ်းကြုံလိုက်ချင်တဲ့ ရဟန်း သံဃာတွေဆို ချက်ခြင်းလိုက်ပါတယ်.. သွားလိုတဲ့ မိုင်တိုင်ကိုပြောပြီး ကားပေါ်မှာ အေးချမ်းစွာ သီတင်းသုံး လိုက်လာတတ်တယ်..

ဆန်းဆန်းပြားပြား ကိုယ်တော်တွေဆိုရင်တော့ ကျွန်တော့် Ambulance ကို မစီးပါ.. သူတို့က အိမ်စီးကားမှ စီးပါတယ်.. ပြီးရင်တော့ ကားပေါ်ရောက်ရင် အလာပ သလာပ ပြောပါလိမ့်မယ်.. ကားမောင်းတဲ့သူက “အရှင်ဘုရား ဘယ်က ကြွလာတာလဲ ” လို့ မေးတဲ့အခါ.. သာသနာအတွက် အင်မတန်ပင်ပန်းဆင်းရဲကြီးစွာ အားထုတ်နေရတဲ့ သူ့ဘဝအကြောင်းနဲ့ သူဆေးကုဖို့ သို့မဟုတ် သူ့ဝါး ဓနိ ကျောင်းလေး မိုးယိုနေတာ ပြုပြင်ပေးမယ့်သူမရှိလို့ ရွာမှာရှိနေတဲ့ အမျိုးတွေဆီလာပြီး ငွေလေး ၅သောင်း လောက် ချေးငှါးတာ အဆင်မပြေခဲ့တဲ့အကြောင်း …. ဇာတ်နာစွာ ပြန်ပြောပြပါလိမ့်မယ်.. အဲဒီအခါ ကားမောင်းသူက သဒ္ဒါပေါက်ပြီး လမ်းကြုံဒါန အနေနဲ့ လှူပါလိမ့်မယ်.. (ကိုယ်ပိုင်ကားစီးနိုင်သူလေ..) (လိုအပ်နေတဲ့ ငွေကလည်း ၅သောင်း ထဲလေ..)

အမြန်လမ်းနားမှာနေတဲ့ ကျွန်တော်တို့အတွက် ဖန်တရာတေ ရိုးနေတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် လူတွေ ခုချိန်ထိ အလိမ်ခံနေရဆဲ.. တစ်ခါတစ်လေ အဲ့လို လှူလိုက်တဲ့အကြောင်း ဖေ့ဘွတ် ပေါ်မှာပုံလေးတွေနဲ့ တွေ့ရတဲ့အခါ မချိပြုံးပဲ ပြုံးမိတော့တယ်.. အဲဒီလို လူလိမ်ကိုယ်တော်တွေ အမြန်လမ်းဘေးမှာ များလာတော့ တကယ့် ကို ကားကြုံလိုက်ချင်တဲ့ ရဟန်းတော်တွေအတွက် ခက်ခဲသွားတယ်.. ဒီအကြောင်းသိတဲ့ ကားတွေကလည်း လူကြုံ မတင်ရဲတော့ဘူး.. ဒီလို လိမ်နည်းမျိုးကို “မေတ္တာ စေတနာကို နင်းပြီး လိမ်နည်း” လို့ ခေါ်ပါတယ်..

လောကမှာ လူလိမ်တွေ အသုံးပြုတဲ့ အခြေခံလိမ်နည်း ၂ မျိုးပဲ ရှိပါတယ်… (၁) လူတွေရဲ့ လောဘကိုနင်းပြီး လိမ်နည်း နဲ့ (၂) လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နည်း ပါ။

(၁) လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်း

အစုစပ်လုပ်ငန်းတွေလုပ်ကြမယ်ဟေ့ တစ်လကို ၁၀ တိုး ၊ ၂၀ တိုး ရမယ်.. အိုး…ထည့်လိုက်ကြတဲ့ ငွေတွေဆိုတာ နှစ်လ လောက်နဲ့ သိန်းပေါင်း သောင်းချီတယ်.. ဟိုးအရင် .. နှစ်ပေါင်း ၂၀ ကျော်က ဧရာမြေ ကုမ္မဏီ TV မှာ ကြော်ငြာပြီး တစ်နိုင်ငံလုံးကို လိမ်သွားတာကနေ ခုချိန်ထိ လူတွေ မမှတ်သေးဘူး.. ဒီလို လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်းဟာ အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုများလို့ သူတစ်ဦးထဲသာ ထိခိုက် နစ်နာတယ်.. ကျန်တဲ့သူကို မထိခိုက်ဘူး..

(၂) လူတွေရဲ့ မေတ္တာ၊ စေတနာကို နင်းပြီး လိမ်နည်း

ဆူးလေဘုရားနားမှ ဖိနပ်ပြတ်သွားတဲ့ ကိုယ်တော် ခုချိန်ထိ ဖိနပ်အသစ် မဝယ်ရသေးဘူး.. ကားပေါ်မှာ စာရွက်လေးတွေ လိုက်ကမ်းနေတဲ့ ကလေးမလေး .. သူ့အသက်သာကြီးလာတယ်.. သူ့အမေရဲ့ ကိုယ်ရေပြားဝေဒနာ မပျောက်သေးဘူး.. ကလေးတစ်ဖက်နဲ့ စပါးနှံ တောင်းကြီးထမ်းပြီး ငှက်စာတွေ လိုက်ရောင်းနေတဲ့ စံပြဖခင် ဦးလေးကြီးကလည်း လူစည်တဲ့နေရာဆို သွေးတိုးပြီး အာဟာရပြတ် မူးလဲနေတာ ခုချိန်ထိ ဝေဒနာ မပျောက်သေးဘူး..

အောင်မင်္ဂလာ အဝေးပြေးမှာ နယ်ကိုပြန်ဖို့ လမ်းစရိတ်ကုန်သွားတဲ့ ကိုယ်တော် ခုချိန်ထိ သူပြန်လိုတဲ့နယ်ကို မရောက်သေးဘူး.. လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နေလိုက်ကြတာ.. မြန်မာလူမျိုးတွေရဲ့ သနားတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ်ကို နင်းပြီး ထွက်ပေါ်လာတဲ့ လိမ်နည်းတွေ.. ဒီလို လိမ်နည်းက အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုနည်းတယ်..ဒါပေမဲ့ ဒီလို လိမ်နည်းတွေကြောင့် လောကပါလ တရား ပျက်စီးပါတယ်.. ဗုဒ္ဓဘာသာ နိုင်ငံမို့ သင်္ကန်းဝတ်ပြီး လိမ်တဲ့အခါ သံဃာစစ် သံဃာမှန်တွေအပေါ် အင်မတန် နစ်နာတယ်.. အမှန် ဒုက္ခကြုံရသူမှာလည်း သူတို့တွေကြောင့် အကူအညီရဖို့ ခက်သွားတယ်..

ဥပမာ.. တကယ် နယ်ပြန်ဖို့ လမ်းစရိတ်ပြတ်သွားတဲ့ ရဟန်းတော်တစ်ပါး ၊ တကယ် ဖိနပ်ပြတ်သွားတဲ့ ရဟန်းတော်တစ်ပါး ၊ ဈေးရောင်းရင်း တကယ်မူးလဲသွားတဲ့ သူ ၊ မိဘနှစ်ပါး တကယ်ရောဂါရနေလို့ အကူအညီလိုအပ်နေတဲ့ ကလေးငယ် ၊ အကူအညီရဖို့ ခက်ခဲသွားတယ်.. သူ့ကိုယ်မယုံ သူ့ကိုယ်မယုံ အခြေအနေတွေ ဖြစ်ပေါ်လာတာဟာ မေတ္တာ စေတနာကို ခုတုံး လုပ်ပြီး လိမ်သူတွေကြောင့်ပါ.. သိပ်ဆိုးပါတယ်…

စာလည်းရှည်သွားပြီ..နိဂုံးအနေနဲ့ ပြောရရင် အဲဒီလို လူလိမ်မျိုး နဲ့ ကိုယ်ကြုံလာရင် ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်.. ဒါပေမဲ့ ဖော်ထုတ်တဲ့နေရာမှာတော့ သတိကြီးကြီး ဉာဏ်ကြီးကြီး ထားဖို့လိုပါတယ်.. (ကိုယ်နာမည်ကြီးဖို့ ၊ သူအရှက်ကွဲစေဖို့ ဦးမတည်သင့်ပါဘူး..) မဟုတ်ရင်တော့ မေတ္တာ စေတနာကို မျက်စိစုံမှိတ်ပြီး ခံစားသက်ဝင်တဲ့ ဒီနိုင်ငံမှာ အမှန်တရားရဲ့ သူရဲကောင်းလုပ်ချင်တဲ့ ခင်ဗျားဟာ အားလုံးရဲ့အမြင်မယ် လူဆိုး တစ်ယောက် ဖြစ်သွားနိုင်ပါတယ်..

ကိုစိုးထိုက်(ဖဒို)

Add a Comment

Your email address will not be published. Required fields are marked *