စကားများရာ မှ ဆောင်းဘောက်ကို ရိုက်ခွဲလိုက်တဲ့ သားအရင်း ကို ဖအေက ထန်းလှီးဓားဖြင့် တချက်ထဲထိုးသတ်

ယင်းမာပင် ခရိုင် ပုလဲမြို့နယ် တွင် ဖခင်ဖြစ်သူက သား အရင်းအား ဓားဖြင့် ထိုးသတ်သည့်ဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ (၂၄) ရက်ညပိုင်း က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည် ။

ပုလဲမြို့နယ် ဂျပ်ကျေးရွာရှိ အသက် ၅၃ နှစ်အရွယ် အမျိုးသားသည် ဖေဖော်ဝါရီ ၂၄ ရက်ည ၈ နာရီခန့်က ဇနီးနှင့်အတူ နေအိမ် ၌ ရှိနေစဉ် အသက် ၂၆ နှစ်အရွယ် ၄င်း၏ သားမှာ လယ်တဲမှ နေအိမ်သို့ ထန်းရည် မူးပြန် လာပြီး ဖခင်အား ရန်လုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဆို သည် ။

ထို့နောက် သား အဖနှစ်ဦး တစ်ယောက် တစ်ခွန်း စကားများကာ အာကာစိုး မှ ဘလုတုဆောင်းဘောက်အား ရိုက်ခွဲသဖြင့် ဦးမြင့်တင်က ဒေါသဖြစ်ကာ လက်သီးနှင့်ထိုးခဲ့ကြောင်း ပုလဲမြိုမရဲစခန်းနယ်ထိန်းအရာရှိ ဒုရဲအုပ် လင်းလင်းထွန်း က ဆိုသည်။

“ဖအေက သူ့အမလက်ဆောင်ပေးထားတာလေး ရိုက်ခွဲခံလိုက်ရလို့ စိတ်တိုသွားတာတဲ့။ သားကလဲ ဖအေကို ပြန်ထိုးတယ်။ နှစ်ယောက်သား အပြန်အလှန် လုံးရင်းထွေးရင်း ဖအေက အိမ်ထဲရှိတဲ့ ထန်းလှီးဓားယူပြီး သူ့သားရဲ့ ချိုင်းအောက်က နံကြားကို ထိုးလိုက်တာလို့ သိရတယ်” ဟု ဒုရဲအုပ်လင်းလင်းထွန်းက ပြောသည်။

ဓားဖြင့်ထိုးခံခဲ့ရသည့် သားဖြစ်သူမှာ နေအိမ်အပြင်သို့ ကြောက်အားလန့်အား ထွက်ပြေးရာမှ လမ်းမပေါ်အရောက်တွင် ရရှိသည့် ဓားဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းဖြစ်အား ဥပဒေအရ အရေးယူပေးပါရန် ပြစ်မှုကျူးလွန်သူ၏ ဇနီး(သေဆုံးသူ၏ မိခင်)မှ တရားလိုပြုလုပ်တိုင်တန်းကာ ပုလဲမြို့မရဲစခန်း အမှုကြီးအမှတ်စဉ် ၁/၂၀၂၀၊ (ပ)၂၁/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် အမှုရေးဖွင့်ထားကြောင်း သတင်းရရှိသည်။

ခရက်ဒစ် – မောင်လေးငယ်ငယ်၊ ပုလဲ

Add a Comment

Your email address will not be published. Required fields are marked *