” စားချင်လို့ လိုက်လာတာပါဆိုတဲ့ ကိုရွှေသရဲ “

အခန်း( ၁ )

မနက်ဖြန် သူငယ်ချင်းအောင်စိုး ၏ သမီးလေး ကင်ပွန်းတပ်ပြုလုပ်မည်ဆို သဖြင့် ချက်ပြုတ်ဖို့အတွက်သူ့အား အကူညီတောင်းထားသောကြောင့် အလုပ်ကပြန် ရေမိုးချိုးပြီးသည်နှင့် အောင်စိုးအိမ်သို့ ထွန်းသိုက် ထွက်လာလိုက်၏ ။

ရွာထဲတွ င်အလှူ တစ်ခုခု ရှိပါက အချက်အပြုတ်တော်သည့်ထွန်းသိုက် ကို သာအားကိုးနေရသည် ။ ထွန်းသိုက် ကလည်း အားရဝမ်းသာကိုကူညီပြီးချက်ပြုတ်ပေးတတ်သည်။ ” မျှော်နေတာ ခုမှပဲပေါ်လာတော့တယ်ထွန်းသိုက်ရာ ” ထုံးစံအတိုင်း အောင်စိုးနှင့်အပေါင်းဖော်တစ်စု အရက်ဝိုင်းထောင်ထားပြီး ရေချိန်ကိုက်နေကြပြီ။ ” အလုပ်ကပြန်ရေချိုးပြီးတာနဲ့မင်းအိမ်တန်းလာခဲ့တာပဲ ၊ ကဲ ချက်ပြုတ်ဖို့လုပ်ကြမယ် ” ” အေးဆေးပေါ့ကွာ ရော့ တစ်ခွက်လောက်အရင်ချလိုက် ” အောင်စိုးကမ်းပေးလာသောအရက်ခွက်ကို ထွန်းသိုက်ပြန်တွန်းပေးလိုက်ပြီး ” ငါ့အကြောင်းလည်းမင်းသိသားနဲ့ ငါကသောက်ပြီဟေ့ဆိုမူးတဲ့ထိထိုင်သောက်တတ်တာ အဲ့ဒါကြောင့် ချက်ပြုတ်ပြီးစီးမှပဲအေးအေးဆေးဆေးသောက်တော့မယ်ကွာ ” ” ဟုတ်ပါပြီကွာ အဲ့ဒါဆိုငါတို့လည်းဝိုင်သိမ်းမယ် ချက်ပြုတ်ပြီးမှပြန်သောက်ကြတာပေါ့ ”

သည်လိုနှင့်ထွန်းသိုက်၊အောင်စိုးတို့အဖွဲ့ မနက်ကျွေးမွေးရန်အတွက် ချက်ပြုတ်ပြင်ဆင်နေကြ၏။ ချက်ပြုတ်ပြီးစီးသည့်အခါမှာတော့ စောစောကအရက်ဝိုင်းပြန်ထောင်ကာ ပျော်ပျော်ပါးပါးပြန်လည်သောက်ကြတော့၏။ ည(၁၁)နာရီထိုးသည့်အခါမှာတော့ ထွန်းသိုက်အတော်လေးမူးလာသဖြင့် သောက်တာရပ်လိုက်ပြီး” ငါပြန်တော့မယ်အောင်စိုး ” ” ဟာ အစောကြီးရှိသေးတာ ဆက်သောက်ပါအုံးကွာ ” ” တော်ပြီကွ တော်ကြာအိမ်ပြန်လမ်းမတည့်ပဲနေအုံးမယ် ”” အေးပါကွာ… မိအေးရေ့ ဒီမှာထွန်းသိုက်ပြန်တော့မယ်တဲ့ အမဲသားဟင်းထုပ်ပေးလိုက်အုံးဟေ့ ” ဇနီးသည်မိအေးအား အောင်စိုးအော်ပြောလိုက်၏။ ” နေပါစေကွာ မထည့်ပေးပါနဲ့ ” ထွန်းသိုက်လက်ကာပြကာငြင်းလိုက်၏။

” ညနေကဝိုင်းကူလုပ်တဲ့သူတွေစားဖို့အတွက်ချက်ထားတာအများကြီးပိုနေတယ်ကွ ၊ မင်းမိန်းမစားဖို့အတွက်ယူပြန်သွား ” ” ဟုတ်ပါတယ်ရှင် ဟင်းကအများကြီးပိုနေတာ ရော့ ယူပြန်သွားလိုက် ” မိအေးလည်း ဟင်းထုပ်ပြီးလာပေးပြီဖြစ်သည့်အတွက် ထွန်းသိုက်ယူလိုက်ရ၏။ ” ဒါဆိုငါပြန်ပြီအောင်စိုး ” ” အေးအေး မနက်ကျရင်လာဖို့မမေ့နဲ့အုံးနော် ၊ မင်းမိန်းမနဲ့ကလေးတွေပါခေါ်ခဲ့ ” ” စိတ်ချပါကွာ ပြန်ပြီဟေ့ ” အတော်လေးမူးနေပြီဖြစ်သောကြောင့် ခြေလှမ်းကိုမနည်းအားယူပြီးထိန်းကာ ထွန်းသိုက်လမ်းတည့်အောင်သွားနေရသည်။ လူအများအိပ်စက်သည့်အချိန်ဖြစ်သဖြင့် တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်နေလေ၏။

ထိုစဉ်

…. ဖလပ် … ဖလပ် … ဖလပ် ….

အနောက်မှထွက်ပေါ်လာသောခြေသံကြောင့် ထွန်းသိုက်နောက်သို့လှည့်ကြည့်လိုက်၏။ သို့ပေမယ့်ဘယ်သူမှရှိမနေခဲ့။ ထို့ကြောင့် လေးတွဲနေသောခြေထောက်အစုံကိုအားယူပြီးဆက်လှမ်းလာလိုက်၏။

… ဖလပ် … ဖလပ် …

” ဟာ ဘာလဲဟ လာပြန်ပြီဒီခြေသံ ”

စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်ပြီး နောက်သို့ထွန်းသိုက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ သူနှင့်မလှမ်းမကမ်းတွင် ပုဆိုးကိုဒူးလောက်ထိသာ ခပ်တိုတိုဝတ်ထားပြီး အပေါ်ပိုင်း အင်္ကျီ မဝတ်ထားသော အရပ်မြင့်မြင့် အကောင်တောင့်တောင့် ရုပ်ရည်ခပ်ကြမ်းကြမ်း အမျိုးသားတစ်ဦးကို လမ်းမီးအလင်းရောင်ဖြင့်တွေ့လိုက်ရ၏။ တစ်ဆက်တည်း တစ်ကိုယ်လုံး ကြက်သီးထသွားသည်ကိုလည်း ခံစားလိုက်ရ၏။

” ငါအမူးလွန်နေလို့ကြက်သီးထတာလား ”

တီးတိုးရေရွတ်လိုက်ပြီး ထွန်းသိုက်ဆက်လျှောက်လာလိုက်၏။ ထိုလူလည်း ထွန်းသိုက်နောက်သို့ ခပ်လှမ်းလှမ်းအကွာတွင်လိုက်လာစမြဲ။တစ်အောင့်အကြာတွင်တော့ ခြံရှေ့သို့ရောက်လာခဲ့၏ ။ ထိုအခါ သူ့နောက်လိုက်လာသောထိုသူရုတ်တရက်ပျောက်သွားတော့သည်။ထွန်းသိုက်လည်းအတော်လေးမူးပြီးအိပ်ချင်နေပြီဖြစ်သည့်အတွက် အိမ်ထဲသို့သာအမြန်ဝင်လာလိုက်၏။

အခန်း(၂)

” မောင်လေးကိုထိန်းထားနော်သမီး ၊ ဒီမှာပဲဆော့နေ ၊ မေမေအဝတ်လျှော်အုံးမယ် ” ” ဟုတ်ကဲ့ ” အိမ်နားနီးချင်းကလေးများနှင့်အတူ အိမ်ရှေ့ဝါးကွပ်ပျစ်ပေါ်တွင်ထိုင်ကာဆော့နေသော သမီးထံသို့ (၂)နှစ်အရွယ်သားလေးကိုအပ်ထားလိုက်ပြီး သီတာအဝတ်လျှော်နေလိုက်၏။ … ကလစ် … ကလစ် …. ဝုန်း …. ရုတ်တရက်ဆိုသလို အကောင်းကြီးရှိသေးသောကွပ်ပျစ်မှာ ကျိုးကျသွားတော့သည်။ ကွပ်ပျစ်ပေါ်တွင်ထိုင်နေသောကလေးများလည်း အောက်သို့ကျကုန်တော့သည်။

” အင့်ဟင့်ဟင့် အီး ” ကွပ်ပျစ်ကျိုးကျသံနှင့်အတူ သားလေးအော်ငိုသံကိုကြားလိုက်ရသဖြင့် အဝတ်လျှော်နေသောသီတာတစ်ယောက် အပြေးရောက်လာတော့သည်။ ” ဟင် သားလေး ဘာဖြစ်သွား တာ လဲ ” သားလေးကိုအမြန်ကောက်ချီကာ တစ်ကိုယ်လုံးကိုကြည့်လိုက်၏။ သို့ပေမယ့် ဘာဒဏ်ရာမှမရှိ။ လန့်လို့နေခြင်းသာ။” ကွပ်ပျစ်ကသူ့ပါသာနေရင်းကျိုးကျသွားတာမေမေ ”” ဟုတ်လား သမီးရောဘယ်နားနာသွားသေးလဲ ” ” မနာဘူးမေမေ ” တစ်ခြားကလေးများလည်း ဘာဒဏ်ရာမှမရကြ။

” တော်သေးတယ် ဘာမှမဖြစ်ကြလို့ ဟူး ” သီတာစိုးရိမ်းစိတ်လွန်ပြီး စိတ်မောစွာ သက်ပြင်းမှုတ်ထုတ်လိုက်၏။ ထို့နောက် လန့်ပြီးအော်ငိုနေသောသားလေးကို အငိုတိတ်အောင်ချော့နေလိုက်၏ ။အ ခုရက်ပိုင်း သားလေးဘာကျွေးကျွေးသိပ်မစား ၊ မရွှင်မလန်းနှင့်တစ်နေကုန်မှိုင်နေတတ်သဖြင့် သီတာစိုးရိမ်လာမိ၏။ ” ကိုထွန်းသိုက် သားကခုတလောအစားစားတာနည်းလာတယ် ၊ ဆော့လည်းမဆော့နဲ့ ဘာဖြစ်နေလဲမသိဘူး ” ” ဟုတ်လား ” သားလေး၏နဖူးကိုထွန်းသိုက်လက်တင်ပြီး စမ်းကြည့်လိုက်၏။

” ကိုယ်လည်းမပူပါဘူး ” ” ဟုတ်တယ် အဲ့ဒါကြောင့်ကျွန်မစိတ်ပူနေတာ ” ” ဖျားတာမဟုတ်ဘူးဆိုတော့စိတ်မပူပါနဲ့ကွာ ၊ တစ်ခါတစ်လေခံတွင်းမတွေ့တဲ့အခါဒီလိုပဲဖြစ်တတ်ပါတယ် ”

” အင်းပါရှင် ” သည်လိုနှင့် ရက်ကြာသည်နှင့်အမျှ အခြေနေပို၍ဆိုးလာခဲ့၏။ ဘာကျွေးကျွေးမစားတော့ ၊ သိသိသာသာကိုပိန်ကျလာခဲ့၏။ ထိုအခါ ထွန်းသိုက်နှင့် သီတာတို့ သားလေး အတွက်တအားစိုးရိမ်သွားကြတော့သည်။ ” ကိုထွန်းသိုက် သားလေးကိုကြည့်ပါအုံး ပိန်လာလိုက်တာ ”” ငါလည်းသတိထားကြည့်နေတာကြာပြီ သားလေးကတစ်နေ့တစ်ခြားပိန်လာတယ် နေမကောင်းဖြစ်တာလည်းမဟုတ်ပဲနဲ့ ” ” ဘာပဲဖြစ်ဖြစ် ဆေးခန်းသွားပြကြရအောင် သားလေးကိုအရမ်းစိုးရိမ်တယ် ” ” အေးပါကွာ ” ထိုစဉ် ဘကြီးဖြစ်သူရောက်လာပြီး ”လင်မယားနှစ်ယောက် ဘာတွေတိုင်ပင်နေကြတာလဲ ”

” ဟော ဘကြီးမိုး လာထိုင်ဗျ ” ဘကြီးမိုးလည်း ထွန်းသိုက်နှင့်သီတာအနားတွင်ဝင်ထိုင်လိုက်၏။ ထို့နောက် အကြည့်က ဘေးတွင်မှိုင်ကာထိုင်နေသောကလေးဆီသို့ရောက်သွား၏။

” ကလေးကဘာဖြစ်နေတာလဲ တော်တော်လေးကိုပိန်သွားတယ် ””

” ခုဏကပြောနေတာအဲ့ဒါပဲဘကြီးမိုးရေ ၊ သားကခုတလော ဘာမှကိုမစားတာ ၊ ပိန်သွားလိုက်တာလည်းကြည့်ပါအုံး ၊ ဖျားတာမဟုတ်ဘူးဆိုတော့ဆေးခန်းမပြပဲနေနေတာ ၊ အခုတော့အခြေနေမဟန်တော့လို့ဆေးခန်းပြဖို့သီတာနဲ့ပြောနေတာ ” ဘကြီးမိုးကလေးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ” နေအုံး ကလေးကတစ်မျိုးပဲ ၊ ငါကြည့်အုံးမယ် ”ကလေး၏အခြေနေကို မသင်္ကာသဖြင့် အနားကပ်ကာသေချာကြည့်လိုက်၏။

” ကလေးကဖမ်းစားခံထားရတာကွ ၊ မင်းတို့တွေငါ့ကိုဘာလို့လာမပြောကြတာလဲ ” ဘကြီးမိုးစကားကြောင့် ထွန်းသိုက်နှင့်သီတာထိန့်လန့်သွားကြ၏။ ” သားကဖမ်းစားခံထားရတာဟုတ်လား ”” ကယ်ပါအုံးဘကြီးမိုးရယ် ကျွန်မတို့မသိလို့ဒီအတိုင်းနေနေမိတာ ” ဘကြီးမိုးက ထိုကိစ္စကိုနားလည်တတ်ကျွမ်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ” ကဲ သီတာ ညည်းကအမဲသားတစ်ပိဿာသွားဝယ်ပြီး သေချာချက်ထား ၊ထွန်းသိုက်က အဲ့ဒီအမဲသားဟင်းကိုငှက်ပျောရွက်နဲ့သေချာထုပ်ပြီး ည(၁၀)နာရီထိုးရင်အိမ်ကထွက် မိရထားလမ်းအနောက်ကလယ်ကွင်းအစပ်မှာသွားချကျွေးလိုက်၊ အဲ့ဒါဆိုအဆင်ပြေပြီ မင်းတို့ရဲ့ကလေးအရင်တိုင်းပြန်ဖြစ်လာစေရမယ် ”

” ဟုတ်ကဲ့ဘကြီးမိုး ” ” တော်သေးတယ် ငါအချိန်မှီရောက်လာခဲ့လို့ ၊ မဟုတ်ရင်ကလေးဒုက္ခရောက်သွားနိုင်တယ် ” ” ကျေးဇူးပါဘကြီးမိုးရယ် ကျွန်တော်တို့ကဘာမှကိုနားမလည်တာ ” ” ကဲကဲ ပြင်ဆင်စရာရှိတာပြင်ဆင်တော့ ငါပြန်အုံးမယ် ” ဘကြီးမိုးပြန်သွားသည်နှင့် ထွန်းသိုက်နှင့်သီတာ အမဲသားဝယ်ကာချုက်ပြုတ်ပြင်ဆင်ရတော့သည်။

အခန်း(၃)

ဘကြီးမိုးမှာထားသည့်အတိုင်း ည(၁၀)နာရီတိတိအချိန်တွင် ငှက်ပျောရွက်ဖြင့်ထုပ်ထားသော အမဲသားဟင်းထုပ်ကိုကိုင်ကာ ထွန်းသိုက်အိမ်မှစထွက်လာလိုက်သည်။….. ဖလပ် …. ဖလပ် ….ရုတ်တရက် အနောက်မှထွက်ပေါ်လာသောခြေသံကြောင့် ထွန်းသိုက်၏လှမ်းလက်စခြေလှမ်းတို့ရပ်တန့်သွား၏။ထို့နောက် ခြေသံကြားရာနောက်သို့လှည့်ကြည့်လိုက်သောအခါ ပုဆိုးကိုခပ်တိုတိုဝတ်ထားပြီး အပေါ်ပိုင်းကိုယ်ဗလာနှင့် အကောင်တောင့် အရပ်မြင့်မြင့် ရုပ်ရည်ခပ်ကြမ်းကြမ်း အရင်တစ်ခါသူတွေ့ခဲ့ဖူးသည့်သူကိုတွေ့လိုက်ရ၏။

တစ်ဆက်တည်းမှာပင်တစ်ကိုယ်လုံးကြက်သီးဖျန်းခနဲ့ထသွားသည်ကိုလည်း ခံစားလိုက်ရ၏။…. သူ့ကိုတွေ့တိုင်း ငါဘာလို့ကြက်သီးထသွားရတာလဲ ….ထွန်းသိုက်စဉ်းစားမရဖြစ်နေသည်။ သို့ပေမယ့် သူ့ထံအရေးကြီးသည့်ကိစ္စရှိနေသဖြင့် ရထားလမ်းအနောက်ရှိ လယ်ကွင်းစပ်ဆီသို့ ခပ်သုတ်သုတ်လေးလျှောက်သွားလိုက်၏။…. ဖလပ် … ဖလပ် ….ထိုသူကတော့ ထွန်းသိုက်နောက်သို့ထပ်ကြပ်မကွာလိုက်လာစမြဲ။ရထားလမ်းကျော်ပြီး လယ်ကွင်းအစပ်သို့ရောက်သည်အထိ သူနှင့်ခပ်လှမ်းလှမ်းအကွာတွင်ထိုလူကပ်ပါလာသဖြင့် ထွန်းသိုက်စိတ်စနိုးစနောက်ဖြစ်သွားမိ၏။

” ဒီလူငါ့နောက်ကိုဘာကြောင့်လိုက်လာတာလဲ ”

လဆန်းရက်မို့ လမှုန်တိမှုန်ဝါးသာနေသဖြင့် ညကြီးမိုးချုပ်ဖြစ်လင့်ကစား ထိုလူကိုထွန်းသိုက်မြင်နေရသည်။ ထို့နောက် ငှက်ပျောရွက်ဖြင့်ထုပ်ထားသောအမဲသားဟင်းကိုဖြည်လိုက်ပြီး အောက်သို့ချထားလိုက်သည်။ဘကြီးမိုးမှာထားသည့်အတိုင်း ပြုလုပ်ပြီးသွားပြီမို့ ထိုနေရာမှလှည့်ထွက်လာလိုက်၏။ ထိုစဉ် သူ့နောက်သို့လိုက်လာသောထိုလူသည် အမဲသားဟင်းချထားသောနေရာဆီသို့အမြန်ပြေးသွားပြီး ဟင်းကိုအားရပါးရစားနေသည်ကို ထွန်းသိုက်တွေ့လိုက်ရ၏။

…. ဟင် ငါ့နောက်ကိုလိုက်လာတဲ့သူကဟင်းတွေကိုသွားစားနေပါလား … ဒါဆို သူကလူမဖြစ်နိုင်ဘူး …. တွေးရင်း ထွန်းသိုက်ကြောက်စိတ်ဝင်လာပြီး အိမ်သို့အမြန်ပြန်လာလိုက်တော့သည်။ မနက်ရောက်သော အခါ ညကကိစ္စကိုဘကြီးမိုးအားပြန်လည်ပြောပြရန် ဘကြီးမိုးအိမ်သို့ထွန်းသိုက်ထွက်လာလိုက်သည်။ ” ဘကြီးမိုး ဘကြီးမိုး ”” ဟော ထွန်းသိုက်၊ ဘယ်လိုလဲ ညကကိစ္စအဆင်ပြေရဲ့လား ”” အဲ့ဒါပြောမလို့လာတာဘကြီးမိုး ၊ ညကဘကြီးမိုးမှာတဲ့အတိုင်း အမဲသားဟင်းကိုယူပြီးလယ်ကွင်းအစပ်ဆီသွားတော့ ကျွန်တော့နောက်ကိုလူတစ်ယောက်လိုက်လာတယ်ဗျ ၊

ပြီးတော့ လယ်ကွင်းအစပ်မှာကျွန်တော်ချထားတဲ့ဟင်းတွေကိုလည်း အဲ့လူပဲစားလိုက်တာ ၊ ကျွန်တော်လည်း တစ်ယောက်တည်းဆိုတော့ ကြောက်ကြောက်နဲ့အိမ်ကိုအမြန်ပြန်လာလိုက်တာဗျ ”

ထွန်းသိုက်ပြောသည်များကိုနားထောင်ပြီး ဘကြီးမိုးခေါင်းတဆတ်ဆတ်ညိမ့်ကာ ” အင်း …. သူစားချင်တာကိုစားလိုက်ရပြီဆိုတော့ မင်းသားအတွက်ပူစရာမလိုတော့ဘူး ချက်ချင်းကိုပြန်ကောင်းလာမှာ ” ” ဗျာ … ဒါဆို သားလေးကိုဖမ်းစားထားတယ်ဆိုတာအဲ့ဒီလူလား ” ” ဟုတ်တယ်ကွဲ့ ”” အဲ့ဒီလူက အရင်ကလည်းကျွန်တော့နောက်ကိုတစ်ခါလိုက်လာဖူးတယ်ဘကြီးမိုး ၊ အောင်စိုးရဲ့သမီးကင်ပွန်းတပ်အလှူအတွက် ချက်ပြုတ်ပေးပြီးအပြန်မှာပေါ့ ၊ ကျွန်တော်လည်းသောက်ထားတော့မူးနေတာ အောင်စိုးမိန်းမ မိအေးပေးတဲ့အမဲသားဟင်းကိုယူပြီးပြန်လာတုန်းကဗျ ”” မင်းသားလေးအခုလိုဖြစ်တဲ့အကြောင်းရင်းကအဲ့ဒါပဲကွ ၊ မင်းကညကြီးအချိန်မတော် အမဲသားဟင်းကိုအိမ်ယူပြန်တယ်လေ ၊ အဲ့ဒီမှာ မင်းရဲ့ဟင်းကိုစားချင်တော့လိုက်လာတာပေါ့ကွ ၊မင်းကလည်းသူ့ကိုနည်းနည်းမှပစ်မကျွေးခဲ့တော့ စိတ်ဆိုးပြီးမင်းသားကိုအခုလို မစားနိုင်မသောက်နိုင်ဖြစ်အောင်လုပ်တော့တာပဲ ၊ အခုတော့အားလုံးအဆင်ပြေပါပြီ ၊

နောက်ဆိုမှတ်ထား အိမ်မှာကလေးငယ်ရှိတဲ့အတွက် ဟင်းတွေ စားစရာတွေကိုညကြီးမိုးချုပ်အိမ်ကိုယူမပြန်နဲ့ ၊ အကယ်၍ ယူပြန်ချင်သပဆိုရင်လည်း ခြံဝရောက်ရင် သူတို့အတွက်နည်းနည်းပစ်ချပေးခဲ့ပေါ့ကွာ ”အရာအားလုံးကိုထွန်းသိုက်သဘောပေါက်သွား၏။ ” ဟုတ်ကဲ့ဘကြီးမိုး ကျွန်တော်မှတ်ထားပါ့မယ် ” ” အေးအေးကွယ် ”ထိုအချိန်မှစ၍ ထွန်းသိုက်တစ်ယောက် ညကြီးမိုးချုပ်အချိန်တွင်အိမ်ကို ဘယ်သောအခါမှ ဟင်းယူပြန်လာမရဲတော့ပေ။

ပြီးပါပြီ

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျက်)

စာရေးသူ -နေဇင်မင်းသော်👸

Add a Comment

Your email address will not be published. Required fields are marked *